Apple ဟာ စျေးသက်သာတဲ့ AirPods အသစ်ကို မိတ်ဆက်ဖို့ရှိနေပြီဆိုပြီး အစောပိုင်းတုန်းက သတင်းတွေထွက်ရှိထားခဲ့ပါတယ်။ အခုအချိန်မှာ နာမည်ကြီး Analyst တစ်ဦးဖြစ်တဲ့ Ming-Chi Kuo ကနေ အဆိုပါ စျေးသက်သာတဲ့ AirPods နဲ့ပတ်သက်ပြီး သတင်းတွေကို ထပ်မံပြောကြားလိုက်ပါတယ်။

Ming-Chi Kuo ရဲ့ ပြောကြားချက်အရ Apple ဟာ AirPods အသစ်ကို လာမယ့် ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ မိတ်ဆက်သွားမယ်လို့သိရပါတယ်။ အဆိုပါ AirPods အသစ်ရဲ့ အဓိကထူးခြားချက်က စျေးနှုန်းဖြစ်ပြီး $99 (မြန်မာငွေ ၂ သိန်း ၈ သောင်းဝန်းကျင်) နဲ့ ရောင်းချသွားဖို့ စီစဥ်ထားတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Apple ဟာ $129 တန် AirPods (2nd Gen) $179 တန် AirPods (3rd Gen) နဲ့ $249 တန် AirPods Pro (2nd Gen) တွေကို ရောင်းချနေတာကြောင့် အခု $99 တန် AirPods ဟာ ထွက်ရှိခဲ့သမျှထဲမှာ စျေးအသက်သာဆုံး AirPods ဖြစ်လာမှာပါ။ ဒါ့အပြင် အဆိုပါ AirPods အသစ်ကို ဘယ်လိုနာမည်ပေးသွားမလဲဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

လက်ရှိခန့်မှန်းချက်တွေအရ Apple ဟာ အဆိုပါ $99 တန် AirPods ဟာ ဝယ်လိုအားမြင့်မားမယ်လို့ ခန့်မှန်းထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် လာမယ့် ၂၀၂၄ ခုနှစ်မှာ AirPods အသစ်အပြင် AirPods Max Headphone 2nd Generation ကိုလည်း မိတ်ဆက်သွားဖို့ စီစဥ်ထားတယ်ဆိုပြီး သတင်းထွက်ရှိထားပါတယ်။

Ref – GSM Arena