ပြီးခဲ့တဲ့ရက်ပိုင်းဝန်းကျင်က စတင်ပြီးတော့ Apple ရဲ့ လာမယ့်နှစ်ကုန်ပိုင်းမှာ မိတ်ဆက်လာဖို့များနေတဲ့ iPhone 12 Pro ဖုန်းတွေအကြောင်း သတင်းတွေစတင်ပေါက်ကြားလာခဲ့ပါတယ်။ အခုဆိုရင် အဆိုပါ iPhone 12 Pro ဖုန်းတွေနဲ့ ပတ်သက်ပြီး Render ဓါတ်ပုံတွေပါ ထွက်ပေါ်နေပြီဖြစ်ပါတယ်။
လက်ရှိသိရှိထားရသလောက်ဆိုရင် Apple ဟာ iPhone 12 Pro ဖုန်းတွေမှာ 5nm Architecture ကို အခြေခံထားတဲ့ A14 Bionic Chip အပြင် LiDAR Camera Setup ကိုပါထည့်သွင်းလာမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း 120Hz Refresh Rate ProMotion Display နဲ့ USB-C ပါဝင်လာနိုင်မလားဆိုတာကိုတော့ အခုအချိန်အထိ အတည်မပြုနိုင်သေးပါဘူး။
အခုနောက်ဆုံးအနေနနဲ့ ယခင် iPhone SE အပါအဝင် တခြားသော Apple နဲ့သက်ဆိုင်တဲ့သတင်းတွေကို ခန့်မှန်းခဲ့တဲ့ Jon Prosser ကနေ Apple ဟာ လာမယ့်နှစ်တွေမှာ iPhone ကို USB-C နဲ့ထုတ်လုပ်သွားမှာမဟုတ်ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။ ဒါတင်မဟုတ်သေးဘဲ USB-C သုံးမယ့်အစား လုံးဝ Port တွေပါဝင်ခြင်းမရှိတဲ့ Portless iPhone ကိုပဲထုတ်လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါပြောကြားချက်ဟာ ယခင်တုန်းက Apple ကနေ Port တွေပါဝင်ခြင်းမရှိတဲ့ iPhone ထုတ်လုပ်နိုင်တယ်ဆိုပြီး Leak သတင်းတွေထွက်ပေါ်ဖူးတာနဲ့ သွားပြီးကိုက်ညီနေပါတယ်။ ဒါပေမယ့်လည်း လောလောဆယ် iPhone 12 မှာတော့ မဖြစ်နိုင်သေးတဲ့အတွက် ဒီနှစ်မှာလည်း Apple ကနေ ပုံမှန်အတိုင်း Lightning Port ကိုပဲ အသုံးပြုသွားဖို့များနေပါတယ်။
Ref – Giz China