Apple ဟာ လာမယ့်စက်တင်ဘာလ ၁၅ ရက်နေ့မှာ Event တစ်ခုပြုလုပ်ဖို့ရှိနေပြီးတော့ iPhone 12 Series ကိုပါ တရားဝင်မိတ်ဆက်သွားမယ့် အလားအလာရှိနေပါတယ်။ အခုလိုမျိုး iPhone အသစ်တွေထွက်ရှိလာတော့မှာဖြစ်တဲ့အတွက် လက်ရှိရောင်းချနေတဲ့ iPhone တွေကိုပါ စျေးလျော့သွားဖို့ရှိနေတယ်လို့ သိရပါတယ်။

အဆိုပါ စျေးလျော့ပေးသွားမယ့် iPhone တွေကတော့ iPhone 11 နဲ့ မကြာသေးခင်တုန်းကမှ မိတ်ဆက်ထားခဲ့တဲ့ iPhone SE (2020) တွေဖြစ်ပါတယ်။ ဒါကလည်း လက်ရှိအချိန်မှာ အဆိုပါ iPhone တွေရဲ့ ရောင်းအားက မှန်းထားတာထက် ကျဆင်းနေတာကြောင့်ဖြစ်တယ်လို့ Wave7 Research မှ JPMorgan Chase က ပြောကြားခဲ့ပါတယ်။

ဒါတင်မဟုတ်သေးဘဲ iPhone 12 Series မိတ်ဆက်ပြီးတဲ့အချိန်မှာ iPhone 11 Pro နဲ့ 11 Pro Max ဖုန်းတွေကိုပါ အရောင်းရပ်ဆိုင်းသွားမှာဖြစ်ပါတယ်။ iPhone 12 ဟာ စျေးနှုန်းအနေနဲ့ $649 ကနေ စတင်မှာဖြစ်တဲ့အတွက် iPhone 11 ကို $600 အောက်နဲ့ iPhone SE (2020) ကိုတော့ $399 ကနေ $350 အထိ စျေးချနိုင်ဖွယ်ရှိနေပါတယ်။ iPhone 12 Pro နဲ့ 12 Pro Max ဖုန်းတွေကတော့ လက်ရှိ iPhone 11 Pro နဲ့ 11 Pro Max စျေးအတိုင်းပဲ ဆက်လက်ရောင်းချသွားမယ်လို့ သိရပါတယ်။

Apple iPhone SE (2020) ဟာ စထွက်ရှိတဲ့အချိန်တုန်းက ရောင်းအားအကောင်းဆုံးစမတ်ဖုန်းဖြစ်ခဲ့ပေမယ့် Google ကနေ စျေးပိုသက်သာတဲ့ Pixel 4a မိတ်ဆက်လိုက်တဲ့အချိန်မှာ ရောင်းအားပြန်လည်ကျဆင်းသွားတယ်လို့ ယူဆရပါတယ်။ ဘာပဲဖြစ်ဖြစ် iPhone 11 နဲ့ iPhone SE (2020) စမတ်ဖုန်းတွေ ဝယ်ယူဖို့ စဥ်းစားနေတယ်ဆိုရင်တော့ စောင့်ဆိုင်းတာက ပိုကောင်းမှာပါ။

Ref – Giz China