Apple ဟာ ထုတ်လုပ်မှုနယ်ပယ်ထဲမှာ mini-LED display တွေနဲ့ပတ်သက်ပြီး ပိုမိုရင်းနှီးမြှုပ်နှံဖို့ ကြိုးစားလာလိမ့်မယ်လို့ Apple နဲ့ပတ်သက်တဲ့သတင်းတွေမှာ ရာနှုန်းပြည့်နီးပါးမှန်ကန်စွာဖော်ပြလေ့ရှိတဲ့ Ming-Chi Kuo ဆိုပါတယ်။ ဒါကို လာမဲ့ 14-inch 16-inch MacBooks တွေမှာ တွေ့မြင်လာရဖွယ်ရှိပါတယ်။

MacBook  တင်ပို့ရောင်းချရမှုဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းက အတော်အတန်ငြိမ်သက်နေခဲ့တယ်ဆိုပေမဲ့ လာမဲ့စက်တင်ဘာ၊ ဒါမှမဟုတ် နိုဝင်ဘာထဲမှာ မိတ်ဆက်လာမယ်လို့မျှော်လင့်ရတဲ့ မော်ဒယ်သစ်တွေမှာတော့ လူကြိုက်များတဲ့ Hardware ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကိုလည်း တွေ့လာရဖွယ်ရှိပြီး၊ လွန်ခဲ့တဲ့ ၁၂ လက တင်ပို့ရောင်းချရမှုနဲ့နှိုင်းယှဉ်ရင် အနည်းဆုံး ၂၀% လောက် တိုးတက်လာမယ်ဖွယ်ရှိတယ်လို့ သိရပါတယ်။

အပြောင်းအလဲတွေမှာ မျိုးဆက်သစ် Apple silicon (Apple M1X) ပါဝင်မယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လူကြိုက်များနိုင်တဲ့အပြောင်းအလဲအဖြစ် Touck Bar, MagSafe charging cable နဲ့ HDMI port, SD card reader စတာတွေကို ပြန်လည်ထည့်သွင်းပေးခြင်းတွေလည်း တွေ့လာရနိုင်တယ်လို့ သိရပါတယ်။ ပြီးတော့ mini-LED display ကိုလည်း သုံးစွဲလာမယ်လို့ မျှော်လင့်ရပါတယ်။

Apple ဟာ mini-LED supplier တွေနဲ့ စာချုပ်ချုပ်ဆိုဖို့အလုပ်များနေပြီး၊ အခြား Laptop လုပ်ငန်းတွေမှာလည်း ဒီနည်းပညာကိုအသုံးပြုလာမယ်ဆိုရင်တော့ ထုတ်လုပ်မှုပိုမိုကောင်းမွန်လာပြီး၊ ကုန်ကျစရိတ်သက်သာတာတွေဖြစ်လာနိုင်တာကြောင့် Apple အတွက် Win-Win ရလဒ်ကို ဖြစ်စေနိုင်ပါတယ်။

14-inch နဲ့ 16-inch MacBook Pros တွေက အရင်ရောက်လာမှာဖြစ်ပေမဲ့ Apple ဟာ 13-inch MacBook Air ကိုလည်း mini-LED display နဲ့ပဲ ထုတ်လုပ်သွားမယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။ လာမဲ့နှစ်တွေမှာလည်း iPad Pro 11 ကို mini-LED နဲ့ မြင်တွေ့ရမယ်လို့ ဆိုပါတယ်။ ၂၀၂၂ Macs တွေမှာ mini-LED ကို မြင်တွေ့ရမယ်ဆိုပေမဲ့ ၂၀၂၃ မှာတော့ micro-LED ဆီ အဆင့်မြှင့်တင်လာလိမ့်မယ်လို့ Kuo က ကြိုတင်ဟောကိန်းထုတ်လိုက်ပြန်ပါတယ်။

Ref: GSM Arena