Apple ဟာ လက်ရှိအချိန်မှာ iPad Pro Model တွေကို MacBook တွေလိုမျိုးပဲ M1 Chip ကို အသုံးပြုပြီး ထုတ်ပေးထားတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ iPad Pro 12.9-inch Model မှာဆိုရင် mini-LED Display ကိုပါ အသုံးပြုထားတာဖြစ်ပါတယ်။

ဒီလိုမျိုး M1 iPad Pro 12.9-inch အတွက် mini-LED Display ကို အဆင့်မြှင့်တင်ထားပေမယ့်လည်း ပုံမှန် 11-inch iPad Pro ကိုတော့ LCD Retina Display ကိုပဲ အသုံးပြုပေးခဲ့ပါတယ်။ အဲ့ဒီအတွက် လက်ရှိအချိန်မှာ Display အကောင်းဆုံး iPad Pro ကို လိုချင်တယ်ဆိုရင် 12.9-inch iPad Pro ကိုပဲ ဝယ်ယူရမှာဖြစ်ပါတယ်။

ဒါကြောင့်လည်း Apple ဟာ OLED Display ကို အသုံးပြုထားတဲ့ 10.86-inch နဲ့ 12.9-inch iPad အသစ်တွေကို ထုတ်လုပ်နေတယ်ဆိုပြီး သတင်းတွေထွက်နေတာဖြစ်ပါတယ်။ အခုနောက်ဆုံး တောင်ကိုရီးယားသတင်းဌာနတစ်ခုရဲ့ ထုတ်ပြန်ချက်အရ Apple ဟာ Screen Size အသေးဖြစ်တဲ့ 10.86-inch iPad ထုတ်လုပ်မှုကို ခတ္တရပ်ဆိုင်းလိုက်ပြီလို့ သိရပါတယ်။

ဒီလိုမျိုးရပ်ဆိုင်းလိုက်တာက အဓိကအနေနဲ့ Screen Panel တွေကို အဓိကထုတ်လုပ်ပေးနေတဲ့ Samsung ကနေ လုံလောက်အောင် ထုတ်လုပ်မပေးနိုင်တော့တာကြောင့်ဖြစ်တယ်လို့ ယူဆရပါတယ်။ Apple ကိုယ်တိုင်ကလည်း အဆိုပါ iPad တွေအတွက် OLED Display ကို လက်ရှိတခြားသော စမတ်ဖုန်းတွေနဲ့ Tablet တွေမှာ အသုံးပြုနေသလို Single Stack OLED Panel အစား ပိုကောင်းတဲ့ Double-Stack OLED Panel အနေနဲ့ ထုတ်ခိုင်းတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ Battery စားပိုသက်သာစေတဲ့ LTPO Display နည်းပညာကိုလည်း အသုံးပြုဖို့ Apple ကနေ တောင်းဆိုထားတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး အရည်အသွေးမြင့်မားတဲ့ OLED Display Panel တွေကို ထုတ်လုပ်မှုအခက်အခဲတွေကြောင့် OLED Display အသုံးပြုထားတဲ့ iPad Pro တွေကို လာမယ့် ၂၀၂၃ ခုနှစ်မှ အစောဆုံးမြင်တွေ့ရဖွယ်ရှိနေပါတယ်။

Ref – GSM Arena