Apple ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်းမှာ Fortnite လိုမျိုး ဆော့ကစားသူများပြားတဲ့ Game တွေကို App Store ကနေ Ban ခဲ့သလို တခြားသော ပြဿနာတွေကြောင့်လည်း App Store နဲ့ပတ်သက်ပြီး တရားရင်ဆိုင်မှုတွေရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဝင်ငွေပိုင်းမှာတော့ လျော့နည်းသွားခြင်းမရှိတဲ့အပြင် ယခင်ထက်တောင် ပိုပြီး ရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ သတင်းကိုတော့ CNBC ကနေ ဖော်ပြခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်းမှာ Apple ဟာ App Store ကနေ ဝင်ငွေ ဒေါ်လာ ၆၄ ဘီလီယံအထိ ရရှိခဲ့တာဖြစ်ပါတယ်။ ဒါက ၂၀၁၉ ခုနှစ်တုန်းက App Store ဝင်ငွေဖြစ်တဲ့ ဒေါ်လာ ၅၀ ဘီလီယံနဲ့ယှဥ်မယ်ဆိုရင် ၂၈ ရာခိုင်နှုန်းအထိကို တိုးတက်ခဲ့တာပါ။

အခုလိုမျိုး Apple အနေနဲ့ App Store ကနေ ဝင်ငွေပိုမိုရရှိခဲ့တာက ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် Mobile App တွေကို ယခင်ထက် ပိုသုံးလာတာကြောင့်ဖြစ်နိုင်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Apple ကနေ iCloud Storage ၊ Apple Music လိုမျိုး Service Subscription ကို Apple One ဆိုပြီး Bundle အနေနဲ့ ရောင်းချတာကလည်း အောင်မြင်ခဲ့တဲ့ပုံစံပါပဲ။

Apple ဟာ လက်အရှိအချိန်မှာ Developer တွေဆီကနေ ရောင်းချရတဲ့ပမာဏရဲ့ ၃၀ ရာခိုင်နှုန်းကို ယူဆဲဖြစ်ပေမယ့်လည်း ၁ နှစ်အတွင်းမှာ ဝင်ငွေ ဒေါ်လာ ၁ သန်းအောက်ပဲရှိတဲ့ Developer တွေအတွက် ၁၅ ရာခိုင်နှုန်းပဲပြောင်းလဲကောက်ခံတော့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Analyst တွေရဲ့ သုံးသပ်ချက်အရတော့ Apple App Store ဝင်ငွေရဲ့ ၉၅ ရာခိုင်နှုန်းဟာ ထိပ်ဆုံး App Developer ၂ ရာခိုင်နှုန်းကနေပဲ ရရှိတာဖြစ်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Apple ရဲ့ App Store ဟာ Google Play Store လိုမျိုးနဲ့ ယှဥ်မယ်ဆိုရင် ကန့်သတ်ချက်တွေများပြားသလို Application တွေရဲ့ Quality ကလည်း ပိုပြီးကောင်းမွန်တယ်ဆိုတာကိုတော့ ငြင်းလို့မရပါဘူး။

Ref – The Verge