လက်ရှိအချိန်မှာ Android စမတ်ဖုန်းထုတ်လုပ်သူအများအပြားဟာ Foldable Phone ဖုန်းတွေကို အပြိုင်အဆိုင် မိတ်ဆက်ဖို့ကြိုးစားနေကြတာဖြစ်ပါတယ်။ လာမယ့် ၂၀၂၂ ခုနှစ်မှာလည်း ပုံမှန် Samsung နဲ့ Huawei လိုမျိုး ကုမ္ပဏီတွေတင်မဟုတ်ဘဲ Xiaomi ၊ OPPO လိုမျိုး ကုမ္ပဏီတွေကလည်း Foldable Phone အသစ်တွေကို မိတ်ဆက်သွားဖို့ရှိနေတာဖြစ်ပါတယ်။

ဒီလိုမျိုး Android ဖုန်းတွေမှာ Foldable Phone တွေကို ဆောင်ရွက်နေပေမယ့်လည်း Apple ကတော့ လက်ရှိ iPhone တွေကိုပဲ တစ်နှစ်နဲ့ တစ်နှစ်အနည်းငယ်အဆင့်မြှင့်တင်ပြီး ရောင်းချနေတာဖြစ်ပါတယ်။ Apple ကနေ Foldable Phone ထုတ်လာမလားဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ဖူးပေမယ့် အခုနောက်ဆုံးသိရတဲ့သတင်းတစ်ခုအရတော့ လာမယ့် ၂၀၂၃ ခုနှစ်အထိ မိတ်ဆက်မှာမဟုတ်ဘူးလို့ သိရပါတယ်။

အခုသတင်းကိုတော့ Display Analyst တစ်ဦးဖြစ်တဲ့ Ross Young ကနေ ပြောကြားခဲ့တာဖြစ်ပြီး Apple ကနေ Foldable iPhone ထုတ်လုပ်လာမယ်ဆိုရင်တောင် ၂၀၂၄ ခုနှစ်မှ မိတ်ဆက်လာနိုင်ခြေရှိနေပါတယ်။

ဒါပေမယ့်လည်း Apple ဟာ Foldable iPhone ကို ထုတ်လုပ်ဖို့စီစဥ်နေတာကတော့ သေချာပြီးတော့ Samsung Display နဲ့ LG တို့ကနေ Apple ကို စမ်းသပ်ဖို့အတွက် Foldable Display တွေကိုပေးပို့ထားတယ်လို့ သိရပါတယ်။ အစောပိုင်းသတင်းတွေအရတော့ Foldable iPhone ဟာ ဖြန့်ထားတဲ့အချိန်မှာ 8-inches အထိရှိမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် တခြားသော Samsung လိုမျိုး Android စမတ်ဖုန်းထုတ်လုပ်သူတွေက Foldable Phone တွေကို ဆက်တိုက်မိတ်ဆက်နေတဲ့အချိန်မှာ Apple ကတော့ မိတ်ဆက်နိုင်ဦးမှာမဟုတ်သေးပါဘူး။

Ref – Gizmo China