Apple ရဲ့ iPhone 17 series အသစ်မှာ ပါဝင်လာတဲ့ ရှေ့ကင်မရာနဲ့ နောက်ကင်မရာကို တစ်ပြိုင်တည်းသုံးပြီး ဗီဒီယိုရိုက်ကူးနိုင်တဲ့ feature အသစ်က နည်းပညာလောကမှာ လူပြောများနေတဲ့ အကြောင်းအရာတစ်ခု ဖြစ်နေပါတယ်။ ဒီ feature ကြောင့် video content ဖန်တီးသူတွေနဲ့ vlogger တွေအတွက် အသစ်အဆန်းတွေ ဖန်တီးနိုင်တော့မယ်လို့ အားလုံးက စိတ်လှုပ်ရှားနေကြပါတယ်။ ဒါပေမဲ့ နည်းပညာသမိုင်းကို ပြန်ကြည့်လိုက်ရင် ဒီ feature ဟာ လုံးဝအသစ်အဆန်းမဟုတ်ဘဲ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်ကတည်းက Samsung ဖုန်းတွေမှာ သုံးစွဲနိုင်ခဲ့ပြီးသားဖြစ်တာကို တွေ့ရမှာပါ။
ဟုတ်ပါတယ်၊ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Samsung ရဲ့ နာမည်ကျော် Galaxy S4 မှာ “Dual Shot” ဆိုတဲ့ feature တစ်ခု ပါဝင်ခဲ့ပါတယ်။ အဲဒီ feature က အသုံးပြုသူကို ရှေ့ကင်မရာနဲ့ နောက်ကင်မရာက မြင်ကွင်းနှစ်ခုလုံးကို ဓာတ်ပုံတစ်ပုံတည်း ဒါမှမဟုတ် ဗီဒီယိုတစ်ခုတည်းမှာ တစ်ပြိုင်တည်း မှတ်တမ်းတင်နိုင်စေတာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ရှုခင်းတစ်ခုကို နောက်ကင်မရာနဲ့ ရိုက်နေရင်း အဲဒီရှုခင်းကို မြင်တွေ့နေရတဲ့ ကိုယ့်ရဲ့ reaction ကို ရှေ့ကင်မရာနဲ့ တစ်ခါတည်း ထည့်ရိုက်နိုင်တဲ့ သဘောပါပဲ။
အဲဒီအချိန်က ဒီ feature ဟာ အသစ်အဆန်းဖြစ်ခဲ့ပေမယ့် mobile data အမြန်နှုန်းတွေ၊ social media ပုံစံတွေနဲ့ content ဖန်တီးမှု ယဉ်ကျေးမှုက အခုလောက် ခေတ်မစားသေးတဲ့အတွက် ကျယ်ကျယ်ပြန့်ပြန့် အောင်မြင်မှုတော့ မရခဲ့ပါဘူး။ LG လိုမျိုး တခြား Android ကုမ္ပဏီတွေကလည်း အလားတူ feature တွေကို အဲဒီခေတ်က ထည့်သွင်းခဲ့ကြပါသေးတယ်။
အခု iPhone 17 မှာ Apple က ဒီ idea ကို ပြန်လည်အသက်သွင်းလာတဲ့အခါမှာတော့ သူတို့ရဲ့ ပုံစံအတိုင်း ပိုမိုကောင်းမွန်တဲ့ အရည်အသွေး၊ ပိုပြီးချောမွေ့တဲ့ software ပေါင်းစပ်မှုနဲ့ ဆွဲဆောင်မှုရှိတဲ့ ဈေးကွက်တင်ဆက်မှုတွေနဲ့ ပြန်လည်မိတ်ဆက်လာတာ ဖြစ်ပါတယ်။ Apple ရဲ့ ဗားရှင်းက resolution ပိုကောင်းမှာဖြစ်ပြီး ဗီဒီယိုတည်းဖြတ်တဲ့အခါ ပိုမိုလွယ်ကူအောင် ဖန်တီးပေးထားမှာ သေချာပါတယ်။
နောက်ဆုံးမှာတော့ iPhone 17 မှာ ဒီ feature ပါဝင်လာတာက သုံးစွဲသူတွေအတွက် ရွေးချယ်စရာအသစ်တစ်ခု တိုးလာတာဖြစ်လို့ ကြိုဆိုရမှာပါပဲ။ ဒါပေမဲ့ ဒါဟာ Apple က နည်းပညာလောကရဲ့ လမ်းကြောင်းကို အမြဲတမ်းဦးဆောင်နေသူမဟုတ်ဘဲ၊ ရှိပြီးသား idea ကောင်းတစ်ခုကို အချိန်ကိုက်ယူသုံးပြီး ပြီးပြည့်စုံအောင် မွမ်းမံရာမှာတော့ သူဘယ်သူနဲ့မှမတူအောင် ထူးချွန်ကြောင်း နောက်တစ်ကြိမ် သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။
Ref : Smart Depot Tech