ထိုင်ဝမ်အခြေစိုက် နည်းပညာနဲ့ Gaming ကုမ္ပဏီ Asus ဟာ ဂိမ်းပေါင်းများစွာထုတ်လုပ်ရာ ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Unity နဲ့ Verified Solution Partner အဖြစ် ပူးပေါင်းလိုက်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့ SDK (Software Development Kit) ကို Unity Editor အတွက် အထူးပြုပြင်ပေးထားမှာဖြစ်ပြီး Unity နဲ့ ဂိမ်းထုတ်လုပ်သူတွေအတွက် ပိုကောင်းတဲ့ စမ်းသပ်မှုတွေ ပြုလုပ်နိုင်မှာပါ။

ROG (Republic of Gamers) အမှတ်တံဆိပ်ဟာလည်း Unity Engine အတွက် Plugin တစ်ခုကို ဖန်တီးပေးလာမှာဖြစ်ပြီး ROG Phone II သာမက ROG Phone III အတွက်လည်း အထူး Feature ငါးခုကို ပိုမိုထောက်ပံ့ပေးမယ်လို့ဆိုပါတယ်။ ဒါဟာ ROG III အမည်ကို Asus မှ ပထမဆုံးတရားဝင်ခေါ်ဝေါ်သုံးစွဲလာခဲ့ခြင်းလည်း ဖြစ်ပါတယ်။

Gaming လောကထဲက နာမည်ကြီးနှစ်ယောက်ပေါင်းစပ်လာခြင်းဟာ နောက်ထွက်လာမယ့် မိုဘိုင်းဂိမ်းတွေအတွက် အလားအလာကောင်းတစ်ခုပါပဲ။ Unity Greater China ရဲ့ အထွေထွေမန်နေဂျာ Junbo Zhang ကတော့ အခုပူးပေါင်းမှုကို “ရင်သပ်ရှုမောဖွယ်ထက်တောင် ပိုသေးတယ်” လို့ ညွှန်းဆိုခဲ့ပါတယ်။ ဒါ့အပြင် ROG အမှတ်တံဆိပ်ဟာ ၂၀၂၀ ခုနှစ်အတွင်း အရေးပါတဲ့ Developer Event အချို့ကို ရွေးချယ်တက်ရောက်သွားဦးမယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။

အခုလိုပူးပေါင်းမှုကြောင့် Unity 3D ပလက်ဖောင်းနဲ့ ဖန်တီးသူတွေဟာ TwinView SDK, Gamepad SDK, Aura Light, Refresh Rate Control SDK နဲ့ Performance Boost SDk တို့လို Plugin တွေကို အထူးသုံးစွဲနိုင်ခွင့် ရရှိသွားမှာပါ။ ROG Phone တွေဟာ Gaming စမတ်ဖုန်းဈေးကွက်မှာ နေရာတစ်ခုရနေပြီဖြစ်ပေမယ့် မျိုးဆက်သစ်တွေမှာ ဂိမ်းထုတ်လုပ်သူတွေနဲ့ပါ အထူးပူးပေါင်းမှုတွေ ထပ်မံတွေ့လာရမယ့် ပုံရှိပါတယ်။

Ref – GSMArena