တရုတ်နိုင်ငံ ဝူဟန်မြို့က လမ်းမတွေပေါ်မှာ Baidu ရဲ့ မောင်းသူမဲ့တက္ကစီ (Robotaxi) အစီးရေ ၁၀၀ ကျော်ဟာ စနစ်ချို့ယွင်းမှုကြောင့် ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး ခရီးသည်တွေ ကားထဲမှာ ပိတ်မိနေတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ “Apollo Go” လို့ အမည်ပေးထားတဲ့ ဒီတက္ကစီတွေဟာ လမ်းမလယ်ခေါင်မှာ ရှေ့ဆက်မရဘဲ ရပ်တန့်နေခဲ့တာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ အကြီးအကျယ် ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ပါတယ်။
ဒီဖြစ်စဉ်အတွင်းမှာ ကံကောင်းထောက်မစွာနဲ့ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပေမဲ့ ခရီးသည်အချို့ကတော့ ကားတံခါးဖွင့်လို့ရနေတာတောင် အပြင်က ကားတွေအရမ်းများနေတာကြောင့် ဆင်းဖို့ဝန်လေးနေခဲ့ကြပါတယ်။ အချို့ခရီးသည်တွေဆိုရင် ကားထဲမှာ နှစ်နာရီနီးပါးလောက် ပိတ်မိနေခဲ့ပြီး နောက်ဆုံးမှာတော့ ရဲတပ်ဖွဲ့ကို ဖုန်းဆက်အကူအညီတောင်းခဲ့ရပါတယ်။ တရုတ်လူမှုကွန်ရက်ပေါ်က ဗီဒီယိုတွေမှာလည်း မောင်းသူမဲ့ကားတွေ တန်းစီရပ်နေတာကို စိတ်ဝင်တစား ကြည့်ရှုသူ များပြားခဲ့ပါတယ်။
အခုဖြစ်ရပ်ဟာ မောင်းသူမဲ့ကားတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်ပြီး လူထုကြားမှာ စိုးရိမ်မှုတွေ တစ်ကျော့ပြန် မြင့်တက်လာစေပါတယ်။ အရင်ကလည်း ချုံချင့်မြို့မှာ မောင်းသူမဲ့ကားတစ်စီး ကျင်းထဲပြုတ်ကျတာမျိုးနဲ့ ပေကျင်းမြို့မှာ ကားမီးလောင်တာမျိုးတွေ ဖြစ်ခဲ့ဖူးတာကြောင့် နည်းပညာပိုင်းဆိုင်ရာ အားနည်းချက်တွေ ရှိနေသေးသလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ Baidu ကုမ္ပဏီဘက်ကတော့ တစ်စုံတစ်ရာ ဖြေရှင်းချက် ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
လက်ရှိမှာ Baidu အပါအဝင် တရုတ်နည်းပညာကုမ္ပဏီတွေဟာ မောင်းသူမဲ့တက္ကစီဝန်ဆောင်မှုကို ပြည်တွင်းမြို့ကြီးတွေမှာတင်မကဘဲ အရှေ့အလယ်ပိုင်းဒေသတွေအထိပါ နယ်မြေချဲ့ထွင်ဖို့ ကြိုးပမ်းနေကြတာပါ။ ဒါပေမဲ့ အခုလို မြို့လယ်ခေါင်မှာ စနစ်ချို့ယွင်းပြီး ကားတွေအစုလိုက်အပြုံလိုက် ရပ်တန့်သွားတဲ့ ဖြစ်ရပ်ဟာ သူတို့ရဲ့ နည်းပညာယုံကြည်မှုအပေါ် စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။
Ref : Reuters
