နည်းပညာတွေဟာ လူနေမှုဘဝကို ပိုပြီးလွယ်ကူချောမွေ့အောင်၊ သက်သောင့်သက်သာရှိအောင် ပြုလုပ်ပေးနေတာမှန်ပေမဲ့ အသုံးပြုပုံမမှန်ကန်ရင်တော့ အန္တရာယ်ဖြစ်စေတတ်ပါတယ်။ တစ်ခါတရံမှာ သူသူကိုယ်ကိုယ် ပြုလုပ်နေကျဆိုပေမဲ့ မထင်မှတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့လာရနိုင်ပါတယ်။

ကားထဲမှာ စမတ်ဖုန်းတွေကို အားသွင်းတယ်ဆိုတာဟာ ကမ္ဘာနဲ့တစ်ဝှမ်း အသုံးပြုသူတွေကြားက ပုံမှန်လုပ်ဆောင်မှုတစ်ခုပါပဲ။ ဒါပေမဲ့ တချို့အခြေအနေတွေမှာတော့ ဒီအပြုအမူဟာ အန္တရာယ်ကို ဖိတ်ခေါ်နေသလို ဖြစ်တတ်ပါတယ်။ ဒီအန္တရာယ်ကို တရုတ်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်က သတိပေးနေပါတယ်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက တရုတ်နိုင်ငံမှာ အပူချိန်မြင့်မားမှု ဖြစ်ပေါ်ခဲ့ပါတယ်။ CCTV သတင်းဖော်ပြချက်အရ Jiangxi ပြည်နယ် Jiujiang မှာ မိုလ်ဘိုင်းဖုန်းဟာ အလိုအလျောက်မီးလောင်ကျွမ်းခဲ့ပြီး တစ်ဆက်တည်းဆိုသလို ကားမီးလောင်မှုကိုပါ ဖြစ်ပွားစေခဲ့ကြောင်း သိရပါတယ်။ အဆိုပါ မတော်တဆမှုကြောင့် အနည်းဆုံး ယာဉ်နှစ်စီးဟာ မီးလောင်ထိခိုက်မှု ဖြစ်ခဲ့ရပါတယ်။

နောက်ဆက်တွဲစုံစမ်းစစ်ဆေးမှုအရ ကားထဲမှာ စမတ်ဖုန်းတွေကို အားသွင်းတာက ဒီအဖြစ်အပျက်ရဲ့ ဖြစ်ပေါ်စေခဲ့တာလို့ ဖော်ထုတ်တွေ့ရှိရပါတယ်။ ကားတွေရဲ့ အလိုအလျောက်လောင်ကျွမ်းမှုဟာ အားသွင်းထားတဲ့စမတ်ဖုန်းတွေနဲ့ ချိတ်ဆက်မှုရှိနေတယ်လို့ မီးသတ်ဌာနတွေက ဆိုပါတယ်။

နေရောင်ခြည်တိုက်ရိုက်ခံနေရတဲ့ကားတစ်စီးရဲ့ အတွင်းအပူချိန်ဟာ အခြေခံအားဖြင့် 60°C ဖြစ်ပြီး အမြင့်ဆုံးအဖြစ် 80°C အထိ မြင့်တတ်သွားနိုင်တယ်လို့ ဆိုပါတယ်။ ဒီလိုပူပြင်းတဲ့ဝန်းကျင်မှာ စမတ်ဖုန်းဘက်ထရီတွေဟာ သူ့အလိုလို လောင်ကျွမ်းမှုနဲ့ ပေါက်ကွဲခြင်းဒဏ်ကို ခံနိုင်ရည်မရှိတတ်ကြဘူးလို့ တရုတ်မီးသတ်ဌာနက ဆိုပါတယ်။

Ref: Gizchina