Apple ဟာ ခေါက်ဖုန်း စမတ်ဖုန်း ဈေးကွက်ထဲကို ခုထိ ဝင်ရောက်လာခြင်း မရှိသေးပါဘူး၊ ဒါပေမဲ့ သတင်းတွေအရ ကုမ္ပဏီက သူ့ရဲ့ ပထမဆုံး မော်ဒယ်ဖြစ်တဲ့ iPhone Fold ကို ၂၀၂၆ ခုနှစ် အကုန်မှာ မိတ်ဆက်လာနိုင်တယ်လို့ ဆိုပါတယ်။ အခု၊ သတင်းသစ်တစ်ခုက Apple ဟာ ၂၀၂၇ နဲ့ ၂၀၂၈ ခုနှစ်တွေမှာ ဒီဇိုင်းပုံစံ အသစ်တွေကို ထပ်မံ မိတ်ဆက်သွားမယ်လို့ ဆိုပါတယ်။

iPhone Fold မှာ စာအုပ်ပုံစံ ဒီဇိုင်း ပါဝင်မှာဖြစ်ပြီး၊ iPad mini အရွယ်အစားလောက် ရှိမယ့် LTPO+ flexible OLED display ကို အသုံးပြုသွားမယ်လို့ သိရပါတယ်။ အဲဒီသတင်းအရ၊ ဖုန်းရဲ့ အလယ်ဘောင်ကို ဖန်သားနဲ့ ပြုလုပ်ထားမှာဖြစ်ပြီး ခေါက်ရာအရေးအကြောင်းတွေကို လျှော့ချပေးနိုင်မယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာ Apple ဟာ ၂၀၂၇ ခုနှစ်မှာ ဘောင်လုံးဝမပါတဲ့ (bezel-free) iPhone တစ်လုံးကို မိတ်ဆက်မှာဖြစ်ပြီး၊ အဲဒီဖုန်းမှာ ဘေးလေးဘက်စလုံး ကွေးညွှတ်နေတဲ့ OLED display ကို အသုံးပြုထားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ‘Crater diffusion layer’ ဆိုတဲ့ အလွှာတစ်ခုလည်း ပါဝင်မှာဖြစ်ပြီး၊ ဒါဟာ display ရဲ့ အလင်းအမှောင် ညီညာမှု (brightness uniformity) ပြဿနာတွေကို ဖြေရှင်းပေးနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီဖုန်းမှာ Face ID စနစ်ကို display အောက်မှာ မြှုပ်နှံထားမယ့် နည်းပညာလည်း ပါဝင်လာမယ်လို့ သိရပါတယ်။ ဒါဟာ iPhone ရဲ့ နှစ် ၂၀ ပြည့် အထိမ်းအမှတ် မော်ဒယ်လည်း ဖြစ်လာမှာပါ။
၂၀၂၈ ခုနှစ်မှာတော့ Apple ဟာ အပေါ်အောက် ခေါက်ရတဲ့ (clamshell) ခေါက်ဖုန်းတစ်မျိုးကို ထပ်မံ မိတ်ဆက်သွားမယ်လို့ အဲဒီသတင်းက ဆိုပါတယ်။ iPhone Flip (ယာယီခေါ်ဆိုထားတဲ့ အမည်) မှာ ရိုးရှင်းတဲ့ အပြင်ဘက် display တစ်ခု ပါဝင်မှာဖြစ်ပြီး၊ အဲဒီ display က အခြေခံ အချက်အလက်တွေ၊ AI shortcut တွေနဲ့ notification တွေကို ပြသပေးသွားမှာ ဖြစ်ပါတယ်။ ဒီဖုန်းဟာ ဘေးဘောင်အစွန်းတွေ ကွေးနေမှာဖြစ်ပြီး ပေါ့ပါးတဲ့ ဒီဇိုင်းမျိုးနဲ့ ထွက်ရှိလာမယ်လို့ သိရပါတယ်။
Ref : gsmarena