လက်ရှိဖြစ်ပေါ်နေတဲ့ ယူကရိန်းနဲ့ ရုရှားတို့ရဲ့ ပထဝီဝင်နိုင်ငံရေးတင်းမာမှုတွေဟာ ကမ္ဘာ့စီးပွားရေးအပေါ်လည်း ရိုက်ခတ်မှုတွေဖြစ်ပေါ်လာစေပါတယ်။ အလားတူပဲ ဒစ်ဂျစ်တယ်ငွေကြေးပိုင်းမှာလည်း ကျဆင်းလာတာကို တွေ့မြင်ရပါတယ်။

Bitcoin ဟာ $37,988.21 မှာ ၁% အောက် ကျဆင်းခဲ့ပေမဲ့ Cryptocurrency ရဲ့ နစ်မြုပ်လာမှုကတော့ နှစ်ပတ်ကျော်အတွင်း သူ့ရဲ့အနိမ့်ဆုံးအဆင့်ဖြစ်တဲ့ $36,370 အထိ ကျဆင်းသွားတာပါ။ ဈေးကွက်တစ်ဝှမ်းက Cryptocurrencies တွေလည်း ဟိုတုန်းကထက် ပိုတဲ့ယုတ်လျော့မှုတွေ ဖြစ်ပေါ်လာပါတယ်။ Ether ဟာ ၁% အောက်သာဆုံးရှုံးခဲ့ပေမဲ့ Cardano ရဲ့ ADA ကတော့ ၃.၅% ကျဆင်းသွားပြီး XRP လည်း ၆.၄% ကျဆင်းသွားတယ်လို့ သိရပါတယ်။

ဒီလိုမျိုး Cryptocurrencies တွေကျဆင်းလာရခြင်းဟာ ရုရှား−ယူကရိန်း အကျပ်အတည်းရဲ့တင်းမာမှုတွေတိုးမြင့်လာခြင်းကြောင့်ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ယူကရိန်းအရှေ့ပိုင်းက ခွဲထွက်ဒေသနှစ်ခုကို သီးခြားနယ်မြေအဖြစ်အသိအမှတ်ပြုကြောင်းစာထုတ်ပြီး၊ ရုရှားတပ်တွေကိုစေလွှတ်ခဲ့ပြီးနောက်ပိုင်းမှာ ကမ္ဘာ့စတော့ရှယ်ယာတွေလည်း သိသိသာသာလျော့ကျသွားခဲ့တာ ဖြစ်ပါတယ်။

ဂျပန် Bitcoin exchange Bitbank က Crypto ဈေးကွက်လေ့လာသုံးသပ်သူ Yuya Hasegawa ကတော့ “စစ်ရေးပဋိပက္ခဖြစ်နိုင်ခြေ မြင့်တက်လာခြင်းနဲ့ အမေရိကန်−ရုရှားဆက်ဆံရေး ပိုမိုဆိုးရွားလာခြင်းကြောင့် Bitcoin ရဲ့ လုံခြုံနေတဲ့ဇာတ်လမ်းလည်း လုံးဝပြိုကွဲလုနီးပါးဖြစ်နေပြီ” လို့ မှတ်ချက်ပေးထားတာကို တွေ့မြင်ရပါတယ်။ Bitcoin ကို ဒီတစ်ပတ်အတွင်း $32,000 နဲ့ $43,000 ကြား ကုန်သွယ်မှုပြုသင့်တယ်လို့လည်း Hasegawa က ထပ်ပြီးပြောခဲ့ပါသေးတယ်။

Ref: CNBC