Xiaomi ရဲ့ Gaming ဌာန Black Shark က ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဖုန်း အသစ် ၂ လုံးကို ပူပူနွေးနွေး ကြေညာထားပြီး အမှာစာတင်သွားခွင့် ချက်ချင်း ပြုလုပ်ပေးခဲ့ပါတယ်။ ၂ ရက်အတွင်းမှာ Black Shark 3 နဲ့ Black Shark 3 Pro တို့အတွက် အမှာစာ ၅ သန်းကျော်သွားပါပြီ။

အမှာစာတင်သွားတာဟာ ကြိုတင်မှာယူတာနဲ့ မတူပါဘူး။ အမှာစာတင်သွင်းတာဟာ ဖုန်း ဝယ်ယူဖို့ မသေချာသလို ကြိုတင်ငွေပေးသွင်းထားဖို့လည်း မလိုပါဘူး။ ဒါပေမယ့် အမှာစာတင်သွင်းတဲ့ အရေအတွက် အရမ်းများတဲ့အတွက် Black Shark 3 Series ကို လူစိတ်ဝင်စားမှု အရမ်းမြင့်မားနေတယ်ဆိုတာ သိသာနေပါတယ်။ Flash Sale မှာ မိနစ်ပိုင်းအတွင်း ပစ္စည်းပြတ်သွားမယ်လို့ ထင်ပါတယ်။

Black Shark 3 မှာ Snapdragon 865 Chipset မောင်းနှင်ထားပြီး 5G ဆက်သွယ်မှုပါပါတယ်။ 12GB LPDDR5 RAM အထိ ရွေးချယ်နိုင်ပြီး ၆.၆၇ လက်မ Full HD+ မျက်နှာပြင် ထည့်သွင်းထားပါတယ်။ 270Hz Touch Sampling Rate ပါတဲ့အတွက် မျက်နှာပြင် တုန့်ပြန်မှု ကောင်းပြီး အားသွင်းမြန်တဲ့ 65W Fast Charging ထည့်ထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၃,၄၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၇ သိန်းလောက်ရှိပါတယ်။ ၆ ရက်နေ့မှာ ရောင်းမှာပါ။

Black Shark 3 Pro မှာ ပိုကြီးတဲ့ မျက်နှာပြင်၊ Physical Shoulder Buttons ၊ ပိုကြီးတဲ့ 5,000mAh ဘက်ထရီတွေ ထည့်သွင်းထားပြီး ဈေးကလည်း ပိုလန်းပါတယ်။ 8/256GB မော်ဒယ်ကို ၄,၆၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၉ သိန်း ၃ သောင်းလောက်ရှိပါတယ်။ ၁၇ ရက်နေ့မှာ ရောင်းမှာ ဖြစ်ပါတယ်။

Ref : gsmarena