Black Shark ဟာ Xiaomi ရဲ့ ကုမ္ပဏီအခွဲတစ်ခုဖြစ်ပေမယ့် Gaming စမတ်ဖုန်းတွေဘက်ကိုပဲ အဓိကထုတ်လုပ်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မတ်လတုန်းကလည်း Qualcomm Snapdragon 865 Chipset ကို အသုံးပြုထားတဲ့ Black Shark 3 နဲ့ Black Shark 3 Pro ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။

အခုအချိန်မှာတော့ Black Shark ရဲ့ CEO ကိုယ်တိုင်ကနေ လာမယ့် Black Shark 4 စမတ်ဖုန်းကို မကြာခင်မိတ်ဆက်သွားမယ်လို့ ပြောကြားလိုက်ပြီဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ထုတ်ပြန်လိုက်တဲ့ Teaser ဓါတ်ပုံအရ Black Shark 4 မှာ ပါဝင်လာမယ့် အဓိက Feature ကိုပါ သိရှိခဲ့ရပြီဖြစ်ပါတယ်။

ဒါကတော့ Black Shark 4 ဖုန်းမှာ Battery အနေနဲ့ 4500mAh ပဲ ပါဝင်မှာဖြစ်ပေမယ့် Fast Charging အနေနဲ့ 120W အထိ Support ပေးသွားမယ်လို့ သိရပါတယ်။ အဲ့ဒီလိုမျိုး 120W Fast Charging စနစ်ကြောင့် 0-100% ပြည့်ဖို့ကို ၁၅ မိနစ်ပဲ အချိန်ပေးရမှာဖြစ်တယ်လို့လည်း ရေးသားထားခဲ့ပါသေးတယ်။

Xiaomi ဟာ ပြီးခဲ့တဲ့ Mi 10 Ultra စမတ်ဖုန်းမှာ 120W Fast Charging စနစ်ကို မိတ်ဆက်ထားခဲ့တဲ့အတွက် Black Shark 4 မှာလည်း အလားတူ Fast Charging စနစ်ကိုပဲ အသုံးပြုလာမယ်လို့ ယူဆရပါတယ်။ ကျန်တဲ့ Specs တွေအနေနဲ့ကတော့ Qualcomm Snapdragon 888 Chipset ကို အသုံးပြုလာမယ်ဆိုတာကလွဲပြီး သိရှိရခြင်းမရှိသေးပါဘူး။

ဘာပဲဖြစ်ဖြစ် Xiaomi ဟာ ယခုနှစ်အစောပိုင်းမှာတင် Mi 11 Pro ၊ Redmi K40 Pro ဖုန်းတွေနဲ့ အခု Black Shark 4 လိုမျိုး Snapdragon 888 Chipset နဲ့ Flagship ဖုန်းတွေအများအပြား မိတ်ဆက်သွားဦးမှာပဲဖြစ်ပါတယ်။

Ref – Gizmo China