စက်ရုံထဲမှာ လူတွေအစား စက်ရုပ်တွေ အလုပ်လုပ်နေတဲ့ မြင်ကွင်းဟာ ရုပ်ရှင်တွေထဲမှာတင် မဟုတ်တော့ပါဘူး။ Germany နိုင်ငံ Leipzig မြို့က iFACTORY စက်ရုံမှာ AI နည်းပညာသုံး လူတူ စက်ရုပ်တွေကို BMW ကုမ္ပဏီက လက်တွေ့ စတင်စမ်းသပ်နေပါပြီ။ လျှပ်စစ်ကားတွေ ထုတ်လုပ်တဲ့ နေရာမှာ အဆင့်မြင့် စက်ရုပ်နည်းပညာနဲ့ ဉာဏ်ရည်တုတွေကို ပေါင်းစပ်ဖို့ ရည်ရွယ်ထားတာပါ။ အခု စမ်းသပ်နေတဲ့ စက်ရုပ်တွေထဲမှာ Zurich အခြေစိုက် Hexagon Robotics က ဖန်တီးထားတဲ့ AEON အမည်ရ လူတူ စက်ရုပ်လည်း ပါဝင်ပါတယ်။

AEON စက်ရုပ်ဟာ အရပ် ၁ ဒသမ ၆၅ မီတာလောက် မြင့်ပြီး ၆၀ ကီလိုဂရမ်လောက် လေးပါတယ်။ စိတ်ဝင်စားစရာ ကောင်းတာက ခြေထောက်တွေအစား ဘီးတွေကို တပ်ဆင်ထားတဲ့အတွက် စက်ရုံထဲမှာ မြန်မြန်ဆန်ဆန်နဲ့ သွက်သွက်လက်လက် သွားလာနိုင်တာပါ။ သူ့ကို လျှပ်စစ်ကား ဘက်ထရီတွေ တပ်ဆင်တာ၊ ဝက်အူကျပ်တာနဲ့ အန္တရာယ်ရှိတဲ့ ဗို့အားမြင့် ဘက်ထရီ အစိတ်အပိုင်းတွေ ကိုင်တွယ်တာလိုမျိုး လူတွေအတွက် ပင်ပန်းတဲ့ အလုပ်တွေမှာ ကူညီဖို့ သုံးနေတာ ဖြစ်ပါတယ်။ ကင်မရာနဲ့ မိုက်ခရိုဖုန်းတွေ အပါအဝင် ဆင်ဆာ ၂၂ ခုပါဝင်ပြီး NVIDIA Jetson Orin စနစ်နဲ့ အလုပ်လုပ်တဲ့အတွက် ပတ်ဝန်းကျင် အခြေအနေကို ကောင်းကောင်းသိရှိသလို အတားအဆီးတွေကိုလည်း အလိုအလျောက် ရှောင်ရှားနိုင်ပါတယ်။

တကယ်တော့ ဒါဟာ ရုတ်တရက် ထလုပ်တာ မဟုတ်ပါဘူး။ အမေရိကန်နိုင်ငံ Spartanburg က စက်ရုံမှာ ၁၀ လကြာအောင် အရင်ဆုံး စမ်းသပ်ခဲ့တာပါ။ အဲဒီတုန်းက စက်ရုပ်တွေဟာ ကားအစိတ်အပိုင်း ၉ သောင်းကျော်ကို သယ်ယူကိုင်တွယ်ပေးခဲ့ပြီး ကားစီးရေ ၃ သောင်းလောက် ထုတ်လုပ်ရာမှာ အကူအညီ ပေးနိုင်ခဲ့ပါတယ်။ အဲဒီအောင်မြင်မှုတွေကြောင့် BMW ဟာ အဲဒီနည်းပညာကို ဆက်လက်စမ်းသပ်သွားမှာဖြစ်ပါတယ်။
Ref : gizmochina