ဥရောပ ကားလောကရဲ့ ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာချိန်မှာ ကုန်ကျစရိတ်လျှော့ချဖို့အတွက် နာမည်ကြီး BMW ကုမ္ပဏီက ဂျာမနီနိုင်ငံ လိုက်ပ်ဇစ် (Leipzig) မြို့မှာရှိတဲ့ သူတို့ရဲ့စက်ရုံမှာ လူတူစက်ရုပ်တွေကို စတင်အသုံးပြုတော့မှာ ဖြစ်ပါတယ်။ အမေရိကန်မှာ ပြီးခဲ့တဲ့နှစ်က အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီးနောက်မှာတော့ ဥရောပစက်ရုံတွေထဲကနေ အခုစက်ရုံမှာ ပထမဆုံးအကြိမ် ခြေချလာတာလည်း ဖြစ်ပါတယ်။

ဆွီဒင်ကုမ္ပဏီ Hexagon ကနေ ဖန်တီးပေးထားတဲ့ ဒီစက်ရုပ်တွေကို ကားတပ်ဆင်ရေး အပိုင်းတွေနဲ့ အန္တရာယ်ရှိတဲ့ လျှပ်စစ်ကား ဘက်ထရီထုတ်လုပ်တဲ့ နေရာတွေမှာ အဓိကထား အသုံးပြုသွားမှာပါ။ အရင်ကဆိုရင် ဒီလိုနေရာတွေမှာ အလုပ်လုပ်ဖို့ ဝန်ထမ်းတွေဟာ လေးလံတဲ့ အကာအကွယ်ဝတ်စုံကြီးတွေ ဝတ်ဆင်ပြီး ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့ရတာပါ။ ဒါပေမဲ့ အခုတော့ ဒီလို ခက်ခဲပင်ပန်းတဲ့ အလုပ်တွေကို စက်ရုပ်တွေက လူသားတွေကိုယ်စား တာဝန်ယူပေးတော့မှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ အမေရိကန်နိုင်ငံက စပါတန်ဘတ်စက်ရုံမှာ ၁၀ လကြာအောင် စမ်းသပ်ခဲ့တဲ့ စီမံကိန်းနဲ့ အရွယ်အစားတူညီပါတယ်။

Successful test of humanoid robots at BMW Group Plant Spartanburg

လာမယ့် ဧပြီလမှာ နောက်ဆုံးအကြိမ် စမ်းသပ်ပြီးတာနဲ့ ဒီနှစ်အတွင်းမှာပဲ စက်ရုပ်တွေကို တရားဝင် အသုံးပြုသွားမယ်လို့ BMW က ကြေညာထားပါတယ်။ ဒီလို လူတူစက်ရုပ်တွေ ထည့်သွင်းလိုက်တာဟာ လုပ်ငန်းခွင်ကို ပိုမိုလုံခြုံကောင်းမွန်လာစေသလို အရင်က ပြင်ပကနေ ဝယ်ယူနေရတဲ့ အစိတ်အပိုင်းတချို့ကိုလည်း ကိုယ်ပိုင်စက်ရုံမှာတင် ပိုမိုထုတ်လုပ်လာနိုင်မှာပါ။ ဒါ့အပြင် ဒီဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုဟာ ကမ္ဘာတစ်ဝန်းက BMW ရဲ့ ထုတ်လုပ်နိုင်စွမ်းကို သိသိသာသာ မြင့်တက်လာစေမှာလည်း ဖြစ်ပါတယ်။

တကယ်တော့ စက်ရုံတွေ အဆင့်မြှင့်တင်ဖို့နဲ့ ကုန်ကျစရိတ်တွေ လျှော့ချဖို့အတွက် လူတူစက်ရုပ်တွေကို အားထားလာတာဟာ BMW တစ်ခုတည်းတော့ မဟုတ်ပါဘူး။ Tesla၊ Hyundai၊ Toyota၊ Mercedes-Benz နဲ့ Ford စတဲ့ နာမည်ကျော် ကားကုမ္ပဏီကြီးတွေကလည်း သူတို့စက်ရုံတွေမှာ စက်ရုပ်တွေအသုံးပြုဖို့ အပြိုင်အဆိုင် ပြင်ဆင်နေကြပါပြီ။ ဈေးနှုန်းသက်သာတဲ့ တရုတ်ထုတ်ကုန်တွေရဲ့ ထိုးဖောက်မှုကြောင့် အခက်တွေ့နေရတဲ့ ကားအပိုပစ္စည်း ထုတ်လုပ်သူတွေအတွက်တော့ ဒီစက်ရုပ်နည်းပညာခေတ်ဟာ သူတို့ရဲ့ ကျွမ်းကျင်မှုတွေကို ပြန်လည်အသုံးချပြီး ဝင်ငွေရှာနိုင်မယ့် အခွင့်အလမ်းသစ်တစ်ခု ဖြစ်လာနေပါတယ်။

Ref : Financial Times