ဈေးကွက် သုတေသန အဖွဲ့အစည်း Canalys ရဲ့ စစ်တမ်း အရ Apple ဟာ Samsung ကို ကျော်တက်ပြီး ၂၀၂၃ ခုနှစ် ကွာတား ၄ မှာ ကမ္ဘာမှာ စမတ်ဖုန်း ရောင်းအား အကောင်းဆုံးဖြစ်လာပါတယ်။
Apple ဟာ ၂၀၂၃ ခုနှစ်အကုန်မှာ Samsung ထက် စမတ်ဖုန်း ရောင်းအား ကောင်းခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ကွာတား ၄ မှာ စမတ်ဖုန်း ရောင်းချရမှုဟာ အလုံးရေ သန်း ၃၂၀ ရှိခဲ့ပြီး ၂၀၂၂ ခုနှစ် ကွာတား ၄ ကထက် ၈ ရာခိုင်နှုန်း ပိုများလာပါတယ်။
ကွာတား ၇ ခုဆက်တိုက် စမတ်ဖုန်း ရောင်းအား ကျဆင်းပြီးနောက်မှာ ၂၀၂၃ ခုနှစ် ကွာတား ၄ မှာ ပထမဆုံး အကြိမ် ရောင်းအား ပြန်တက်ခဲ့ပါတယ်။ Canalys က ၂၀၂၃ ခုနှစ်မှာ စမတ်ဖုန်း ၁.၁ ဘီလီယမ် ရောင်းချခဲ့တယ်လို့ တွက်ချက်ထားပါတယ်။
၂၀၂၃ ခုနှစ် ကွာတား ၄ မှာ iPhone 15 Series ကြောင့် Apple ဟာ ဈေးကွက်ဝေစု ၂၄ ရာခိုင်နှုန်းနဲ့ ဦးဆောင်ခဲ့ပါတယ်။ Samsung က ၁၇ ရာခိုင်နှုန်းနဲ့ နံပါတ် ၂ နေရာကို ရထားပါတယ်။ Xiaomi က ၁၃ ရာခိုင်နှုန်းနဲ့ နံပါတ် ၃ Transsion က ၉ ရာခိုင်နှုန်းနဲ့ နံပါတ် ၄ ၊ vivo က ၇ ရာခိုင်နှုန်းနဲ့ နံပါတ် ၅ ရထားပါတယ်။
Canalys က အရှေ့ အလယ်ပိုင်း၊ အာဖရိက၊ အာရှ- ပစိဖိတ်နဲ့ လက်တင် အမေရိကမှာ စမတ်ဖုန်း ရောင်းအား တိုးတက်ခဲ့တယ်လို့ ပြောပါတယ်။ စွမ်းရည်နိမ့်နဲ့ စွမ်းရည်သင့် စမတ်ဖုန်းတွေ အဓိက ရောင်းကောင်းခဲ့ပါတယ်။ Canalys က ၂၀၂၄ ခုနှစ်မှာ စွမ်းရည်မြင့် စမတ်ဖုန်းတွေမှာ AI နည်းပညာ ပါလာမယ်လို့ ခန့်မှန်းထားပါတယ်။
Ref : gsmarena