စမတ်ဖုန်းတစ်လုံးမှာ ကင်မရာရဲ့ ပါဝင်ပတ်သက်မှုက အတော်လေးကြီးမားတယ်ဆိုပေမယ့် ကုမ္ပဏီတွေအနေနဲ့ ကင်မရာမပါတဲ့ စမတ်ဖုန်းတွေကို သီးသန့်ထုတ်လုပ်ဖူးပါတယ်။ စမတ်ဖုန်းမှာ ကင်မရာမပါဘူးဆိုပေမယ့် ဒါဟာအပေါစားမဟုတ်ဘဲ အထူးဗားရှင်းတွေဖြစ်ပါတယ်။

ကင်မရာမပါတဲ့ အထူးဗားရှင်းစမတ်ဖုန်းတွေဟာ လုံးဝကိုအထိခိုက်မခံနိုင်တဲ့ နေရာတွေမှာအလုပ်လုပ်နေကြရတဲ့ စီးပွားရေးနဲ့ အစိုးရဌာနဆိုင်ရာဝန်ထမ်းတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာလည်း ဖြစ်ပါတယ်။ အဆိုပါနေရာတွေဟာ ကင်မရာကိုင်ဆောင်ခြင်း၊ သုံးစွဲခြင်းကို လုံးဝ(လုံးဝ) ခွင့်မပြုတဲ့နေရာတွေလည်း ဖြစ်ပါတယ်။ အကြောင်းကတော့ ကင်မရာရှိရင်၊ ပေါက်ကြားမှုအတွက် ပိုပြီးအန္ဒရာယ်ရှိနိုင်လို့ပါပဲ။

Caviar ဟာ iPhone 12 Pro မှာရှိတဲ့ ကင်မရာတွေအားလုံးကိုဖယ်ထုတ်တဲ့နည်းနဲ့ ပြဿနာကို ဖြေရှင်းလိုက်ပါတယ်။ ကျောဘက်ကင်မရာသုံးလုံးကို ဖယ်ရှားပြီး အရှေ့ဘက်မှာရှိတဲ့ Selfie ကင်မရာကိုတော့ အလုပ်မလုပ်နိုင်အောင် ပိတ်ထားလိုက်ပါတယ်။ ဒါပေမယ့် Face ID ကတော့ TrueDepth infrared camera ကိုအသုံးပြုပြီး အလုပ်လုပ်ဆဲ ဖြစ်ပါတယ်။

iPhone 12 Pro ကိုပြောင်းလဲထားတဲ့ဒီဇိုင်းဟာ ရေဒါတွေကိုရှောင်ရှားနိုင်တဲ့ ဂျက်လေယာဉ်တွေရဲ့ပုံစံမျိုးကို ရယူထားတာကြောင့် “Stealth” လို့ နာမည်ပေးခဲ့ပါတယ်။ ဒီ Customized ဖုန်းမှာ ဗားရှင်းနှစ်မျိုးရှိပြီး၊ နှစ်မျိုးစလုံးရဲ့ ကျောဘက်ကိုယ်ထည်အသစ်ဟာ တိုက်တေနီယမ်နဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ Caviar iPhone 12 Stealth ဟာ ဒေါင်လိုက် Guilloche ပါဝင်ပြီး Durable black laser coating နဲ့ ဖြစ်ပါတယ်။

Stealth Gold ဗားရှင်းကတော့ ရွှေရောင် PVD နဲ့ပြုလုပ်ထားပါတယ်။ ဒီဗားရှင်းတွေအတွက် အလုံးရေ ၉၉ လုံးစီပဲ ကန့်သတ်ထုတ်လုပ်တာဖြစ်တဲ့အတွက် အမှန်တကယ်ကို သီးသန့်ထုတ်လုပ်တယ်လို့ ဆိုရပါလိမ့်မယ်။ ဈေးနှုန်းအနေနဲ့ Stealth က $4,990 (၆၆ သိန်းဝန်းကျင်) ဖြစ်ပြီး၊ Stealth Gold ကတော့ $5,520 (၇၃ သိန်းဝန်းကျင်) ဖြစ်ပါတယ်။ ဒါကြောင့် ၁၈ကာရက် ရွှေစင်နဲ့ ပြုလုပ်ထားတဲ့ iPhone 12 Pro ရဲ့ $23,380 (၃၀၉ သိန်းနီးပါး) နဲ့ နှိုင်းယှဉ်ရင်တော့ ဈေးကြီးတယ်လို့ ပြောလို့မရတော့ပါဘူး။

Ref: GSM Arena