ဇိမ်ခံပစ္စည်းအမှတ်တံဆိပ် Caviar က iPhone 17 စီးရီးအတွက် Gold Collection အသစ်ကို ကြေညာလိုက်ပါတယ်။ အဲဒီ collection မှာ 18-karat ရွှေသားစစ်စစ်နဲ့  ပြုလုပ်ထားတဲ့ မော်ဒယ် သုံးမျိုး ပါဝင်ပါတယ်။ ဈေးနှုန်းက ဒေါ်လာ ၆၇,၀၀၀ ကျော်ကနေ စတင်ပါတယ်။ ဒါ့အပြင် အရေအတွက်ကိုလည်း ကန့်သတ်ပြီး ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

 ဒီဇိုင်းအသေးစိတ်

Palmette မော်ဒယ် ကတော့ United Arab Emirates (UAE) နိုင်ငံရဲ့ ထန်းပင်တွေနဲ့ Art Deco ဗိသုကာပညာရဲ့ မျဉ်းကြောင်းဒီဇိုင်းတွေကို အိုင်ဒီယာယူထားတာပါ။ ဖုန်းရဲ့ကိုယ်ထည်ကို 18K ရွှေသားပေါ်မှာ ထန်းရွက်ပုံစံ ထွင်းထားပါတယ်။ စိန်အလုံး ၁၀၀ ကျော်ကိုလည်း ဒီဇိုင်းထဲမှာ လက်နဲ့တစ်လုံးချင်းစီ စီပြီးထည့်ထားပြီး Apple လိုဂိုကိုတော့ တန်ဖိုးကြီးကျောက်မျက်တွေနဲ့ အလှဆင်ထားပါတယ်။ Caviar က Palmette မော်ဒယ်ကို အရှေ့တိုင်းရဲ့ ကျက်သရေရှိမှုနဲ့ ဗိသုကာပိုင်းဆိုင်ရာ လှပကြော့ရှင်းမှုရဲ့ ပြယုဂ်တစ်ခုအဖြစ် တင်ဆက်ထားပါတယ်။ ဒီမော်ဒယ်ရဲ့ ဈေးနှုန်းက ဒေါ်လာ ၇၂,၅၀၀ ကနေ စတင်ပါတယ်။

Bitcoin မော်ဒယ် ကတော့ cryptocurrency ခေတ်ထလာတာကို ပြသတဲ့အနေနဲ့ သူ့ရဲ့ 18K ရွှေသားကိုယ်ထည်အလယ်မှာ Bitcoin အမှတ်တံဆိပ်ကို ဖောင်းကြွပုံစံ ထည့်သွင်းထားပါတယ်။ Caviar က ဖုန်းကိုယ်ထည်ဘေးပတ်လည်မှာ ဒစ်ဂျစ်တယ် ကြွယ်ဝမှုနဲ့ လွတ်လပ်မှုကို ကိုယ်စားပြုတဲ့ လျှို့ဝှက်ကုဒ်ဒီဇိုင်းပုံစံတွေကို ထည့်သွင်းဒီဇိုင်းထုတ်ထားပါတယ်။ ဒီဒီဇိုင်းက crypto လောကရဲ့ အမှတ်အသားတွေနဲ့ ဇိမ်ခံလက်ဝတ်ရတနာတွေရဲ့ တိကျသေသပ်မှုကို ပေါင်းစပ်ထားတာပါ။ ဒီဗားရှင်းကတော့ ဒေါ်လာ ၆၇,၆၄၀ ကနေ စတင်ပြီး cryptocurrency ရင်းနှီးမြှုပ်နှံသူတွေနဲ့ ဝါသနာရှင်တွေကို အဓိက ဆွဲဆောင်ဖို့ ရည်ရွယ်ထားပါတယ်။

Solar မော်ဒယ် ကတော့ တကယ့်ရွှေတုံးစစ်စစ်တစ်တုံးလို ပြောင်လက်နေတဲ့ ရွှေသားမျက်နှာပြင်ကို ပြသထားပါတယ်။ ဖုန်းကိုယ်ထည်က ချောမွေ့ပြီး ကြည့်လိုက်တိုင်း အရောင်ပြန်နေတဲ့ပုံစံဖြစ်ပြီး အလယ်မှာ စိန်စီထားတဲ့ Apple လိုဂိုကို အဓိက အလှဆင်ထားပါတယ်။ Caviar က ဒီမော်ဒယ်ကို ရွှေရဲ့ မူလတောက်ပမှုနဲ့ ခိုင်မာမှုကို ဂုဏ်ပြုတဲ့အနေနဲ့ ဖန်တီးထားတာလို့ ဖော်ပြထားပါတယ်။ ကုမ္ပဏီက သူ့ရဲ့ စတင်ဈေးနှုန်းကို ဒေါ်လာ ၇၁,၀၇၀ လို့ သတ်မှတ်ထားပါတယ်။

 အကန့်အသတ်နဲ့ပဲ ရောင်းမယ်။

ဖုန်းတိုင်းကို သစ်သား၊ သားရေတို့နဲ့ ပြုလုပ်ပြီး ရွှေရောင်အနားကွပ်တွေပါတဲ့ Caviar ရဲ့ Supreme ထုပ်ပိုးမှုပုံစံနဲ့ ထည့်ပေးမှာပါ။ ဝယ်ယူမှုတိုင်းမှာ စစ်မှန်ကြောင်း အသိအမှတ်ပြုလက်မှတ်ကိုလည်း တစ်ပါတည်း ထည့်သွင်းပေးထားပါတယ်။

မော်ဒယ်တစ်ခုစီတိုင်းကို သုံးလုံးတိတိ ပဲ ထုတ်လုပ်မှာဖြစ်လို့ ဒီဖုန်းတွေဟာ ဈေးကွက်ထဲမှာ အရှားပါးဆုံး စမတ်ဖုန်းတွေထဲကတစ်ခု ဖြစ်လာစေမှာ ဖြစ်ပါတယ်။

Ref : gizmochina