ဩစတြေးလျနိုင်ငံက Crest Robotics နဲ့ Earthbuilt Technology တို့ ပူးပေါင်းတီထွင်ထားတဲ့ ပင့်ကူပုံစံ ဆောက်လုပ်ရေးစက်ရုပ် Charlotte ဟာ စတုရန်းပေ ၂,၁၅၀ ကျယ်ဝန်းတဲ့ အိမ်တစ်လုံးလုံးကို တစ်ရက်တည်းနဲ့ တည်ဆောက်နိုင်ပါတယ်။ စက်ရုပ်မှာ အလိုအလျောက် 3D ပုံနှိပ်နည်းပညာကို အသုံးပြုထားပါတယ်။ သူ့ရဲ့အလုပ်လုပ်နှုန်းဟာ အုတ်စီသမား အယောက် ၁၀၀ ရဲ့ အလုပ်နှုန်းလောက် မြန်ဆန်ပါတယ်။
ဒီစက်ရုပ်ဟာ သဲ၊ စွန့်ပစ်ဖန်စတွေနဲ့ အုတ်ကျိုးအုတ်စတွေကနေ ပြုလုပ်ထားတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ ကုန်ကြမ်းကို အသုံးပြုပါတယ်။ အဲဒီကုန်ကြမ်းနဲ့ ဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေဟာ ခိုင်ခံ့ပြီး ရေဘေးဒဏ်ရော မီးဘေးဒဏ်ပါ ခံနိုင်ရည်ရှိပါတယ်။ လက်ရှိမှာ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်နေဆဲအဆင့်မှာပဲ ရှိနေပေမယ့် Charlotte ရဲ့ ရှေ့ပြေးပုံစံ (prototype) ကတော့ ပြပွဲတွေမှာ လူအများရဲ့ အထင်ကြီးမှုကို ရရှိထားပြီး ဖြစ်ပါတယ်။
ဒီစက်ရုပ်ဟာ ကမ္ဘာ့အိမ်ရာလိုအပ်ချက် ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့အပြင် သူ့ရဲ့ ကျစ်လစ်ပြီး ဘက်စုံသုံးနိုင်တဲ့ ဒီဇိုင်းကြောင့် တစ်နေ့နေ့မှာ လကမ္ဘာပေါ်မှာ သုတေသနစခန်းတွေ ဆောက်လုပ်နိုင်လာဖွယ် ရှိပါတယ်။
Ref : Fossbytes