တရုတ် အင်ဂျင်နီယာတွေဟာ ပင်လယ်ရေအောက် မီတာ ၁၀၀၀ (၃၂၈၀ ပေ) အထိ ရေငုပ်နိုင်မယ့် နိုင်ငံရဲ့ ပထမဆုံး ခရီးသွား ရေငုပ်သင်္ဘောကို ဒီဇိုင်းဆွဲလိုက်ပြီ ဖြစ်ပါတယ်။ ဒီရေငုပ်သင်္ဘောဟာ ဇိမ်ခံခရီးသွားလုပ်ငန်းအတွက် တွန်းအားသစ်တစ်ခု ဖြစ်လာမှာပါ။

Shanghai မြို့အနောက်ဘက် Wuxi မြို့မှာရှိတဲ့ တရုတ် သင်္ဘောသိပ္ပံသုတေသနစတင်တာ က အင်ဂျင်နီယာတွေက ဒီနှစ်ကုန်ပိုင်းမှာ ရှေ့ပြေးပုံစံကို တည်ဆောက်သွားဖို့ စီစဉ်ထားပါတယ်။ အဲဒီနောက် ၂၀၃၀ ပြည့်နှစ်မှာ ခရီးသည် ၄ ဦးအထိ လိုက်ပါနိုင်မယ့် စီးပွားဖြစ် ခရီးစဉ်တွေကို စတင်ပြေးဆွဲသွားဖို့ ရည်ရွယ်ထားပါတယ်။ အခက်ခဲဆုံး အစိတ်အပိုင်းဖြစ်တဲ့ မြင်ကွင်းကျယ် ကြည့်ရှုနိုင်မယ့် မှန်ပြတင်းပေါက် အပါအဝင် အဓိက အစိတ်အပိုင်းတွေကို ဖန်တီးထားပြီးပြီလို့ သိရပါတယ်။

လက်ရှိအချိန်မှာ တရုတ် ဟာ ရေလှောင်တမံတွေ၊ ရေကန်တွေနဲ့ ကမ်းရိုးတန်းရေပြင်တွေမှာ အသုံးပြုဖို့ သင့်တော်တဲ့ မီတာ ၂၀ အနက်အထိ ရေငုပ်နိုင်တဲ့ ခရီးသွား ရေငုပ်သင်္ဘော အစင်းပေါင်းများစွာကို အသုံးပြုနေပါတယ်။ ဒါပေမယ့် ပိုမိုနက်ရှိုင်းတဲ့ ရေအောက်ကို သွားမယ့် ယာဉ်တွေဟာ ပိုများပြားတဲ့ ပြင်ပရေဖိအားကို ခံနိုင်ရည်ရှိဖို့ လိုအပ်ပါတယ်။
တရုတ် State Shipbuilding Corp ရဲ့ လက်အောက်ခံဖြစ်တဲ့ အဲဒီသုတေသနစင်တာဟာ သိပ္ပံနည်းကျ စူးစမ်းလေ့လာရေးအတွက် ခေတ်မီ Jiaolong နဲ့ Deep Sea Warrior ရေငုပ်သင်္ဘောတွေကိုလည်း ဖန်တီးခဲ့ဖူးပါတယ်။ အခုတည်ဆောက်မယ့် ရေငုပ်သင်္ဘောသစ်ဟာ ၁၉၈၅ ခုနှစ်ကတည်းက ပင်လယ်အောက် မီတာ ၁၀၀၀ နဲ့အထက်ကို ဆင်းသက်နိုင်ခဲ့တဲ့ နိုင်ငံတကာက Deep Rover, Triton နဲ့ U-Boat Worx စတဲ့ ရေငုပ်သင်္ဘောတွေနည်းတူ စွမ်းဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။
Ref : South China Morning Post