တရုတ်နိုင်ငံက သုတေသီတွေဟာ သန္ဓေသားကို (၁၀) လကြာ လွယ်ထားပြီး ကလေးမွေးဖွားပေးနိုင်မယ့် သားအိမ်အတု တပ်ဆင်ထားတဲ့ ကမ္ဘာ့ပထမဆုံး လူတူ ကိုယ်ဝန်ဆောင်စက်ရုပ်တစ်ရုပ်ကို တီထွင်နေတယ်လို့ သိရပါတယ်။ ဒီစီမံကိန်းဟာ မျိုးဆက်ပွား နည်းပညာလောကမှာ ကြီးမားတဲ့ အချိုးအကွေ့တစ်ခု ဖြစ်လာနိုင်သလို၊ တစ်ချိန်တည်းမှာပဲ ကျင့်ဝတ်ဆိုင်ရာ ငြင်းခုံမှုတွေကိုလည်း ဖြစ်ပေါ်စေခဲ့ပါတယ်။
ဒီစီမံကိန်းကို နန်ယန်းနည်းပညာတက္ကသိုလ်က ဒေါက်တာ Zhang Qifeng က ဦးဆောင်နေတာဖြစ်ပြီး အဓိကအားဖြင့် သဘာဝနည်းလမ်းအတိုင်း ကိုယ်ဝန်မဆောင်နိုင်တဲ့ ကလေးမရနိုင်တဲ့ စုံတွဲတွေကို ကူညီနိုင်ဖို့နဲ့ တရုတ်နိုင်ငံမှာ ရင်ဆိုင်နေရတဲ့ မွေးဖွားနှုန်း ကျဆင်းလာတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့တဲ့ ကလေးတစ်ယောက်တည်းယူရေး မူဝါဒရဲ့ နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ လူဦးရေ တိုးပွားနှုန်း သိသိသာသာ နှေးကွေးလာတာနဲ့ ကြုံတွေ့နေရပြီး အခုလို နည်းပညာတွေက အဲဒီစိန်ခေါ်မှုကို ကျော်လွှားနိုင်မယ့် နည်းလမ်းတစ်ခု ဖြစ်လာနိုင်တယ်လို့ မျှော်လင့်နေကြပါတယ်။
ဒီစက်ရုပ်ရဲ့ အဓိက အစိတ်အပိုင်းကတော့ သားအိမ်အတုပဲ ဖြစ်ပါတယ်။ အဲဒီသားအိမ်အတုကို မိခင်တစ်ယောက်ရဲ့ သားအိမ်အတွင်း ပတ်ဝန်းကျင်နဲ့ အနီးစပ်ဆုံးတူအောင် ဖန်တီးထားပြီး သန္ဓေသား ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ အပြည့်အဝပါဝင်တဲ့ ရေမြွှာရည်နဲ့ ဖြည့်တင်းထားမှာ ဖြစ်ပါတယ်။ ဒီနည်းပညာကို တိရစ္ဆာန်တွေနဲ့ စမ်းသပ်မှုတွေမှာ အောင်မြင်မှုတွေ ရရှိထားပြီး ဖြစ်ပါတယ်။ ထင်ရှားတဲ့ ဥပမာတစ်ခုအနေနဲ့ ၂၀၁၇ ခုနှစ်တုန်းက သိပ္ပံပညာရှင်တွေဟာ လမစေ့ဘဲမွေးလာတဲ့ သိုးငယ်တစ်ကောင်ကို သားအိမ်အတုထဲမှာ ထည့်သွင်းပြီး အောင်မြင်စွာ ရှင်သန်ကြီးထွားအောင် ပြုစုနိုင်ခဲ့တဲ့ သာဓက ရှိခဲ့ပါတယ်။
ဒီကိုယ်ဝန်ဆောင်စက်ရုပ်ရဲ့ ဈေးနှုန်းကိုလည်း လူအများ လက်လှမ်းမီနိုင်မယ့် ပမာဏဖြစ်တဲ့ တရုတ်ယွမ် တစ်သိန်း (အမေရိကန်ဒေါ်လာ ၁၄,၀၀၀ ဝန်းကျင်) အောက်မှာပဲ သတ်မှတ်ထားတာကလည်း ထူးခြားချက်တစ်ခု ဖြစ်ပါတယ်။ လာမယ့်တစ်နှစ်အတွင်းမှာ ဒီစက်ရုပ်ကို လက်တွေ့မြင်တွေ့လာရနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။
ဒီနည်းပညာက ကလေးလိုချင်တဲ့ မိသားစုတွေအတွက် မျှော်လင့်ချက်တွေ ဆောင်ကြဉ်းပေးနိုင်ပေမယ့် တစ်ဖက်မှာလည်း ကျင့်ဝတ်ဆိုင်ရာ စိုးရိမ်ပူပန်မှုတွေနဲ့ ငြင်းခုံမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေခဲ့ပါတယ်။ လူသားမိခင်ရဲ့ ကိုယ်ဝန်ဆောင်ခြင်းနဲ့ မွေးဖွားခြင်းဆိုတဲ့ သဘာဝဖြစ်စဉ်ကို စက်ပစ္စည်းတွေနဲ့ အစားထိုးလိုက်တဲ့အခါ မွေးဖွားလာမယ့် ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို ဘယ်လို သက်ရောက်နိုင်မလဲဆိုတဲ့ မေးခွန်းတွေ ရှိနေပါတယ်။
Ref : Mechabytes