တရုတ်နိုင်ငံဟာ လက်ရှိအချိန်မှာ WeChat Pay လိုမျိုး Mobile Payment တွေကို ဦးစားပေးအသုံးပြုနေတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ တရုတ်နိုင်ငံအစိုးရကနေ တရားဝင် ငွေကြေးဖြစ်တဲ့ Yuan ကို Digital အနေနဲ့ ပေးချေနိုင်တဲ့ e-CNY အမည်ရှိတဲ့ Digital Currency တစ်ခုကို App အသွင်ဖြင့် iPhone နဲ့ Android အတွက် မိတ်ဆက်လိုက်ပြီလို့ သိရပါတယ်။

အဆိုပါသတင်းကို South China Morning Post ကနေ ဖော်ပြခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ အဆိုပါ e-CNY App ကို Pilot Version အနေနဲ့ ရယူအသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ Digital Currency ဟာ လက်ရှိခေတ်စားလာတဲ့ Cryptocurrency သို့မဟုတ် Blockchain အခြေခံထားခြင်းမရှိဘဲ People’s Bank of China (PBOC) ကနေ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ယခု Digital Currency ဟာ လက်ရှိအသုံးပြုနေပြီးသား Online Payment Service တွေဖြစ်တဲ့ PayPal ၊ Apple Pay တို့နဲ့ မတူညီတဲ့အချက်ကတော့ e-CNY ဟာ တကယ်အသုံးပြုနိုင်တဲ့ ငွေသားကိုပဲ Digital အနေနဲ့ ပြောင်းလဲထားခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်ထဲက စတင်ဆောင်ရွက်နေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

CNBC ရဲ့ ဖော်ပြချက်အရတော့ အခု e-CNY Digital Currency ဟာ Two-tier System ပုံစံ အလုပ်လုပ်မှာဖြစ်ပြီး PBOC ကနေတစ်ဆင့် တခြားသော Commercial Bank တွေကို တစ်ဆင့်၊ ပြီးမှ အဆိုပါ Bank တွေကနေတစ်ဆင့် သုံးစွဲသူတွေကို တိုက်ရိုက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ တစ်ခုရှိတာကတော့ Bitcoin လိုမျိုး Cryptocurrency တစ်ခုမဟုတ်တာကြောင့် Privacy ပိုင်းမှာတော့ လုံခြုံမှုရှိစေဖို့ အာမခံနိုင်မှာမဟုတ်ဘဲ သံသဃဖြစ်ဖွယ် ငွေကြေးလွှဲပြောင်းမှုတွေကိုတော့ စစ်ဆေးခံရဖွယ်ရှိတယ်လို့ သိရပါတယ်။

လောလောဆယ်မှာ တရုတ်နိုင်ငံတွင်းမှာ WeChat Pay နဲ့ AliPay လိုမျိုး Online Payment စနစ်တွေက လွန်စွာအောင်မြင်နေတာကြောင့် အစိုးရအနေနဲ့ ယခု e-CNY Digital Currency ကို အစားထိုးသွားဖို့ကတေ့ာ ခက်ခဲနေဦးမှာဖြစ်ပါတယ်။ နောက်ထပ် အားနည်းချက်တစ်ခုကတော့ ယခု e-CNY App ဟာ Beijing ၊ Shenzhen ၊ Chengdu နဲ့ Shanghai အပါအဝင် မြို့ကြီး ၁၀ မြို့မှာပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ တရုတ်နိုင်ငံအစိုးရကတော့ အဆိုပါ e-CNY App ကို လာမယ့် အိုလံပစ်ပွဲမှာ ကောင်းကောင်းအသုံးပြုနိုင်စေဖို့ ခန့်မှန်းထားတာဖြစ်ပါတယ်။

Ref – The Verge