တရုတ်နိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ဝူဟန်ဗိုင်းရပ်စ်လို့လူသိများတဲ့ ကိုရိုနာဗိုင်းရပ်စ် (coronavirus) ဟာ လူအယောက် ၄၃,၀၀၀ ကျော်ကိုကူးစက်ထားပြီး သေဆုံးသူ အယောက် ၁,၀၀၀ အထက်ရှိနေပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် တရုတ်နိုင်ငံမှာရှိတဲ့ Foxconn လိုမျိုး စမတ်ဖုန်းထုတ်လုပ်တဲ့စက်ရုံတွေအပြင် အရောင်းဆိုင်တွေပါ ပိတ်ထားရတာဖြစ်ပါတယ်။

အခုလည်း Reuters သတင်းဌာနကနေ ဒီလိုမျိုး ဝူဟန်ဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံတွင်း စမတ်ဖုန်းရောင်းချရမှုတွေဟာ ယခု ၂၀၂၀ ပထမဆုံး ၃ လပတ်အတွင်းမှာ ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်တယ်ဆိုပြီး ထုတ်ပြန်ကြေညာလိုက်ပါတယ်။

လောလောဆယ် တရုတ်နိုင်ငံတွင်း စမတ်ဖုန်းထုတ်လုပ်သူတွေဖြစ်တဲ့ Huawei လိုမျိုး ကုမ္ပဏီတွေဟာ ယခုနှစ်မှာ 5G စမတ်ဖုန်းတွေနဲ့အတူ ယခင်နှစ်တွေကထက် သိသိသာသာရောင်းအားတက်လာဖို့ကို ခန့်မှန်းထားကြတာဖြစ်ပြီး ဒီလိုမျိုး ဗိုင်းရပ်စ်ဖြစ်သွားတဲ့အတွက် ထုတ်လုပ်မှုတွေအကုန်နှောင့်နှေးခဲ့တာဖြစ်ပါတယ်။ Reuters လိုမျိုးပဲ IDC ကနေလည်း တရုတ်နိုင်ငံစမတ်ဖုန်းတင်ပို့ရောင်းချရမှုတွေက ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားမယ်လို့ ခန့်မှန်းခဲ့ပါသေးတယ်။

လက်ရှိအခြေအနေအရ Apple ကလည်း တရုတ်နိုင်ငံတွင်းမှာရှိတဲ့ Apple Store တွေအကုန်လုံးကို ပိတ်ထားသလို ပြန်လည်ဖွင့်လှစ်မယ့်အချိန်ကိုလည်း ကြေညာထားခြင်းမရှိသေးပါဘူး။ iPhone တွေအပြင် စမတ်ဖုန်းအများအပြားကို ထုတ်လုပ်တဲ့ Foxconn ဆိုရင်လည်း စက်ရုံတွေအကုန်လုံးကို ပြန်လည်လည်ပတ်နိုင်ခြင်းမရှိသေးသလို အလုပ်သမားတွေက အလုပ်မဆင်းကြတဲ့ပြဿနာတွေနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။

ပိုဆိုးသွားတာက အခုအချိန်မှာ Xiaomi ၊ OPPO နဲ့ Huawei လိုမျိုး ကုမ္ပဏီတွေက Flagship စမတ်ဖုန်းတွေကို မိတ်ဆက်မယ့်အချိန်ဖြစ်နေတဲ့အတွက် ယခုအတိုင်းဆက်သွားမယ်ဆိုရင် မျှော်မှန်းထားသလောက်ထုတ်လုပ်နိုင်ဖို့က ခက်ခဲနေဦးမှာပါ။ OPPO အနေနဲ့တော့ တခြားသော တရုတ်နိုင်ငံပြင်ပမှာ စက်ရုံတွေရှိနေတဲ့အတွက် ထိခိုက်မှုနည်းပါးမယ်လို့ သိရပါတယ်။

အခုလိုမျိုး အခြေအနေအတိုင်းဆိုရင် မတ်လကုန်အထိ တကမ္ဘာလုံးရဲ့ စမတ်ဖုန်းထုတ်လုပ်မှုနှုန်းက ၁၂ ရာခိုင်နှုန်း သို့မဟုတ် စမတ်ဖုန်းအလုံးရေ ၂၇၅ သန်းအထိ ကျဆင်းသွားနိုင်ပါတယ်။ အဲ့ဒီထဲမှာ iPhone ထုတ်လုပ်မှုက ၁၀ ရာခိုင်နှုန်း သို့မဟုတ် အလုံးရေ ၄၁ သန်းဝန်းကျင်၊ Huawei အနေနဲ့ ထုတ်လုပ်မှု ၁၅ ရာခိုင်နှုန်း သို့မဟုတ် အလုံးရေ ၄၂.၅ သန်းဝန်းကျင်အထိ ကျဆင်းသွားမှာဖြစ်ပါတယ်။ Samsung အနေနဲ့ကတော့ ထုတ်လုပ်တဲ့စက်ရုံတွေက Vietnam မှာရှိနေတဲ့အတွက် ထုတ်လုပ်မှု ၃ ရာခိုင်နှုန်း သို့မဟုတ် အလုံးရေ ၇၁.၅ သန်းကျဆင်းနိုင်ခြေရှိနေပါတယ်။

Ref – Giz China