အမေရိကန်နိုင်ငံအစိုးရဘက်ကနေ လက်ရှိအချိန်အထိ Huawei ကို ဆက်တိုက်ပိတ်ဆို့မှုတွေ ပြုလုပ်နေပေမယ့် Huawei ဘက်နေ ပထမဆုံး 5nm Architecture ကို အခြေခံထားတဲ့ Mobile Chipset အသစ်ကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Chipset ရဲ့ နာမည်ကို Kirin 9006C လို့ ပေးထားတယ်လို့ သိရပါတယ်။

Huawei ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက 5G ကို ပြန်လည်ထောက်ပံ့ပေးနိုင်တဲ့ Kirin 9000S Chip ကို Huawei Mate 60 Series ဖုန်းတွေမှာ စတင်အသုံးပြုခဲ့ပြီး ထူးခြားချက်က အဆိုပါ Kirin 9000S Chip ဟာ US နည်းပညာတွေပါဝင်ခြင်းမရှိဘဲ ကိုယ်ပိုင် တရုတ်နိုင်ငံတွင်းနည်းပညာတွေနဲ့ပဲ တည်ဆောက်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ Kirin 9000S Chip က 7nm Architecture ကိုပဲ အခြေခံထားတဲ့အတွက် စွမ်းဆောင်ရည်ပိုင်းမှာ တခြား Flagship ဖုန်းတွေနဲ့ယှဥ်ရင် အားနည်းနေခဲ့ပါတယ်။

ဒါကြောင့် အခုအသစ်မိတ်ဆက်လိုက်တဲ့ Kirin 9006C Chipset ဟာ 5nm Architecture ဖြစ်သွားတဲ့အတွက် စွမ်းဆောင်ရည်ပိုင်းမှာ သိသိသာသာပိုကောင်းလာမယ်လို့ ယူဆရပါတယ်။ Chipset ပိုင်းအသေးစိတ် Specification အနေနဲ့ ARM Cortex-A77 Core ၄ လုံးနဲ့ Cortex A-55 Core ၄ လုံးပါဝင်တဲ့ Octa-Core အမျိုးအစားဖြစ်ပြီး အမြင့်ဆုံး 3.13GHz Clock Speed အထိ မောင်းနှင်နိုင်မှာဖြစ်ပါတယ်။ Huawei ရဲ့ ပြောကြားချက်အရ ယခု Kirin 9006C Chip ဟာ စွမ်းဆောင်ရည်ပိုမိုကောင်းမွန်မယ့်အပြင် ပါဝါစားသုံးနှုန်းကလည်း ပိုမိုနည်းပါးမယ်လို့ သိရပါတယ်။

Huawei ဘက်က ယခု Kirin 9006C Chipset ကို ဘယ်သူထုတ်ပေးထားသလဲဆိုတာကို ပြောကြားခဲ့ခြင်းမရှိပေမယ့် အစောပိုင်း Kirin 9000S Chipset လိုမျိုးပဲ SMIC (Semiconductor Manufacturing International Corporation) ကနေ ထုတ်လုပ်ပေးထားပုံပါပဲ။

ထူးခြားချက်က အဆိုပါ Kirin 9006C Chip က အခုမှတရားဝင်မိတ်ဆက်ခဲ့တာဖြစ်ပေမယ့် Huawei ရဲ့ Qingyun L540 Laptop မှာ အသုံးပြုနေတဲ့ Chip ဖြစ်ပါတယ်။ ဒါကြောင့် Kirin 9006C Chip ဟာ စမတ်ဖုန်းတွေတင်မဟုတ်ဘဲ Laptop တွေမှာပါ သုံးနိုင်တဲ့အတွက် စွမ်းဆောင်ရည်မြင့်မားပုံပါပဲ။ ဘာပဲဖြစ်ဖြစ် ယခုမိတ်ဆက်သွားတဲ့ Kirin 9006C Chip ကို လာမယ့် ၂၀၂၄ ခုနှစ်မှာထွက်ရှိလာမယ့် Huawei P70 Series ဖုန်းတွေမှာ မြင်တွေ့ရဖို့ သေချာသလောက်ဖြစ်နေပါပြီ။

Ref – Gizmo China