တရုတ်နိုင်ငံရဲ့ အဓိကအပြည်ပြည်ဆိုင်ရာလေဆိပ်တွေဖြစ်တဲ့ ပေကျင်းနဲ့ ရှန်ဟိုင်းလို လေဆိပ်ကြီးတွေမှာ ခေတ်မီအနာဂတ်နည်းပညာသုံး လူဝင်မှုကြီးကြပ်ရေး စနစ်သစ်တွေကို တပ်ဆင်အသုံးပြုနေပြီဖြစ်ပါတယ်။ အဲဒီစနစ်ဟာ အလိုအလျောက် E-gate တွေကနေတစ်ဆင့် နိုင်ငံကူးလက်မှတ်စကင်ဖတ်တာ၊ မျက်နှာမှတ်သားစစ်ဆေးတာနဲ့ လက်ဗွေတိုက်ဆိုင်စစ်ဆေးတာတွေကို ပေါင်းစပ်လုပ်ဆောင်ပေးတာဖြစ်ပြီး ဒီစနစ်ကြောင့် ခရီးသည်တွေဟာ Check In ကောင်တာတွေကို စက္ကန့် ၁၀ မှ ၂၀ အတွင်းမှာပဲ လျင်မြန်စွာ ဖြတ်ကျော်နိုင်ပြီ ဖြစ်ပါတယ်။
အဲဒီ အရာရှိမလိုတဲ့ ကိုယ်တိုင်ဝန်ဆောင်မှုစနစ်ကို အသုံးပြုနိုင်ဖို့အတွက် ခရီးသွားတွေအနေနဲ့ သူတို့ရဲ့လက်ဗွေကို တစ်ခါပဲ မှတ်ပုံတင်ထားဖို့ လိုအပ်ပါတယ်။ အဲဒီလိုမှတ်ပုံတင်ပြီးတာနဲ့ နောက်ပိုင်းခရီးစဉ်တွေမှာ E-gate တွေမှာ နိုင်ငံကူးလက်မှတ်ကို စကင်ဖတ်၊ ကင်မရာကိုကြည့်ပြီး မျက်နှာကိုစစ်ဆေးခံကာ လက်ဗွေကို တိုက်ဆိုင်စစ်ဆေးလိုက်ရုံနဲ့ လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းစဉ်တစ်ခုလုံး အလိုအလျောက်ပြီးမြောက်သွားမှာ ဖြစ်ပါတယ်။ ဒီနည်းပညာဟာ ခရီးသွားတွေအတွက် အချိန်ကုန်သက်သာစေရုံသာမက ရှုပ်ထွေးတဲ့လုပ်ငန်းစဉ်တွေနဲ့ မလိုအပ်တဲ့ စိတ်ဖိစီးမှုတွေကိုပါ သိသိသာသာ လျှော့ချပေးနိုင်ခဲ့ပါတယ်။
ဒီလိုအဆင့်မြင့်စနစ်ကို ပြောင်းလဲကျင့်သုံးလိုက်တာဟာ ခရီးသည်တွေရဲ့ အတွေ့အကြုံကို ပိုမိုကောင်းမွန်စေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံတကာခရီးသွားဦးရေ အလွန်များပြားတဲ့ ပေကျင်းနဲ့ ရှန်ဟိုင်းလိုလေဆိပ်ကြီးတွေမှာ နာရီနဲ့ချီပြီး တန်းစီရတဲ့ဒုက္ခကို ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဇီဝအချက်အလက်တွေဖြစ်တဲ့ မျက်နှာနဲ့ လက်ဗွေကို အသုံးပြုထားတဲ့အတွက် လုံခြုံရေးကိုလည်း အရင်ကထက်ပိုပြီး တိကျခိုင်မာစေပါတယ်။ ဒီစနစ်က တရုတ်နိုင်ငံရဲ့ နည်းပညာခေါင်းဆောင်မှုနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်နေတဲ့ပုံရိပ်ကို ကမ္ဘာကိုပြသလိုက်တာလည်း ဖြစ်ပါတယ်။
ဒီနည်းပညာကို လက်ရှိမှာ အဓိကလေဆိပ်ကြီးတွေမှာ စတင်ကျင့်သုံးနေပြီဖြစ်ပြီး မကြာခင်မှာ တရုတ်နိုင်ငံရဲ့ အခြားသော အပြည်ပြည်ဆိုင်ရာလေဆိပ်တွေမှာပါ တိုးချဲ့တပ်ဆင်သွားဖို့ ရှိပါတယ်။
Ref : Tech Fact