တရုတ်နိုင်ငံဟာ အသက် ၁၈ နှစ်အောက်ကလေးငယ်တွေ ဗီဒီယိုဂိမ်းကစားချိန်ကို ပြင်းပြင်းထန်ထန်ကန့်သတ်တဲ့ စည်းမျဉ်းသစ်ကို ပြီးခဲ့တဲ့လကုန်ပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။ China’s National Press and Publication Administration က ကြေညာထားတဲ့စည်းမျဉ်းသစ်အရ ကန့်သတ်ထားတဲ့ဗီဒီယိုဂိမ်းကစားချိန်ဟာ ၁၈ နှစ်အောက်ကလေးတွေအနေနဲ့ တစ်ရက်မှာ ၁ နာရီ (ည ၈ နာရီနဲ့ ၉ နာရီကြား)၊ စနေ၊ တနင်္ဂနွေနဲ့ တရားဝင်အားလပ်ရက်တွေ မှာပဲ ကစားခွင့်ရှိတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းကထုတ်ပြန်ခဲ့တဲ့စည်းမျဉ်းမှာတော့ အသက် ၁၈ နှစ်အောက်ကလေးတွေဟာ ရက်ပေါင်းများစွာကြာမြင့်မှ ၁ နာရီသာ ဗီဒီယိုဂိမ်းကစားခွင့်ရခဲ့တာကြောင့် အခုထုတ်ပြန်လိုက်တဲ့စည်းမျဉ်းက အတော်လေး လျော့ချပေးလိုက်တယ်လို့ဆိုနိုင်ပါတယ်။

“ဒီနေ့ခေတ်တရုတ်နိုင်ငံမှာ ဥပဒေအရ အရွယ်မရောက်သေးတဲ့ ဗီဒီယိုဂိမ်းကစားသူ သန်း ၁၁၀ ကျော်ရှိပါတယ်။ တရုတ်နိုင်ငံတွင်းမှာ ဂိမ်းကစားသူပေါင်း သန်း ၇၂၀ ရှိပြီး ဒီထဲကမှ သန်း ၁၁၀ ဟာ အသက် ၁၈ နှစ်အောက်တွေဖြစ်ကြပါတယ်။ ကန့်သတ်ချက်အသစ်တွေအရ ဂိမ်းကစားသူဦးရေကျဆင်းမှုနဲ့အတူ အချိန်နဲ့ငွေသုံးစွဲမှုလည်း လျော့ကျစေလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်” လို့ Niko Partners က အကြီးတန်းသုံးသပ်သူ Daniel Ahmad ရဲ့ပြောဆိုခဲ့ပါတယ်။

ဂိမ်းကစားခြင်းကို စွဲလမ်းမှုဟာ လေ့လာ လေ့လာမှုနဲ့ ပုံမှန်ဘဝကို ထိခိုက်စေပြီး၊ မိဘတွေကို စိတ်ဆင်းရဲစေတယ်လို့ National Press and Publication Administration ရဲ့ ကြေညာချက်ထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။ South China Morning Post ရဲ့ သတင်းအရ တရုတ်ဟာ ဗီဒီယိုဂိမ်းတွေကို လိုင်စင်ပေးအပ်ချင်း ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

တစ်ဖက်မှာတော့ Apple နဲ့ Google တို့အနေနဲ့ App Store ဝင်ငွေပိုင်းဆိုင်ရာမှာ ထိခိုက်မှုတွေ ကြုံတွေ့လာရမှာ ဖြစ်ပါတယ်။ အလားတူပဲ Tencent နဲ့ NetEase လိုမျိုး တရုတ်ဗီဒီယိုဂိမ်းကုမ္ပဏီတွေလည်း တရုတ်အစိုးရရဲ့ “ဗီဒီယိုဂိမ်းစွဲလမ်းမှုနှိမ်နှင်းခြင်း” ကြောင့် ငွေကြေးအရ ထိခိုက်မှုတွေ ဖြစ်ပေါ်လာမှာ မလွဲဧကန်ဖြစ်ပါတယ်။

တရုတ်အစိုးရဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်မတ်လကနေ၊ ဒီဇိင်ဘာလအထိ ဗီဒီယိုဂိမ်းလိုင်စင်ထုတ်ပေးမှုတိုင်းကို ရပ်ဆိုင်းခဲ့ဖူးပါတယ်။ ဒီတစ်ကြိမ်မှာတော့ လိုင်စင်ရပ်တန့်မဲ့အချိန်ကာလကို ကြေညာထားခြင်း မရှိသေးတာကိုလည်း တွေ့မြင်ရပါတယ်။

Ref: Phone Arena