တရုတ်နိုင်ငံက ထုတ်လုပ်ထားတဲ့ Caihong-YH1000 (သက်တံ-YH1000) အမည်ရှိ မောင်းသူမဲ့ ကုန်တင် လေယာဉ် သို့မဟုတ် ဒရုန်းကြီးဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ (ဇူလိုင်လ ၂၈ ရက်) က ပထမဆုံးအကြိမ်အဖြစ် အောင်မြင်စွာ စမ်းသပ်ပျံသန်းမှုနိုင်ခဲ့ကြောင်း တရုတ်နိုင်ငံပိုင် သတင်းမီဒီယာတွေက ဇူလိုင်လ ၂၉ ရက်မှာ ဖော်ပြခဲ့ကြပါတယ်။
ဒီ စမ်းသပ်ပျံသန်းမှု ဟာ သမိုင်းဝင်ဖြစ်ပြီး တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက လွှတ်တင်ရေးစခန်းတစ်ခုကနေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့နေရာကို အောင်မြင်စွာ ပျံသန်းရောက်ရှိကာ ကုန်ပစ္စည်းပို့ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီ လေယာဉ်ဟာ ပန်ကာကို ဒေါင်လိုက်နဲ့ အလျားလိုက် ပြောင်းလဲလှည့်နိုင်တဲ့ (tilt-rotor) နည်းပညာကို အသုံးပြုထားတဲ့ ဒရုန်းအမျိုးအစားဖြစ်ပါတယ်။ ဒါကြောင့် ပြေးလမ်းမလိုဘဲ ရဟတ်ယာဉ်တစ်စင်းလို ဒေါင်လိုက်တက်၊ ဒေါင်လိုက်ဆင်းနိုင်ပြီး (VTOL)၊ လေထဲရောက်တဲ့အခါမှာတော့ လေယာဉ်တစ်စင်းလို အရှိန်ပြင်းပြင်းနဲ့ ပျံသန်းနိုင်ပါတယ်။
တရုတ်လေကြောင်းနှင့် အာကာသသိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်း (CASC) လက်အောက်ခံဖြစ်တဲ့ တရုတ်လေကြောင်း အကယ်ဒမီ (CAAA) က တီထွင်ထုတ်လုပ်တာ ဖြစ်ပါတယ်။ အလေးချိန် ကီလိုဂရမ် ၁,၀၀၀ (၁ တန်) အထိ သယ်ဆောင်နိုင်ပါတယ်။ ခန့်မှန်းခြေအားဖြင့် ကီလိုမီတာ ၅,၀၀၀ အထိ ပျံသန်းနိုင်စွမ်း ရှိပါတယ်။
ဒီဒရုန်းဟာ သမားရိုးကျ လေကြောင်းပို့ဆောင်ရေးအတွက် အခက်အခဲရှိတဲ့ တောင်တန်းဒေသတွေ၊ ကျွန်းစုတွေနဲ့ သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ နေရာတွေကို အချိန်တိုအတွင်း ကုန်ပစ္စည်းအမြောက်အများ ပို့ဆောင်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍမှာ အောင်မြင်မှု ဖြစ်စေနိုင်ပြီး ကမ္ဘာ့မောင်းသူမဲ့လေယာဉ် ဈေးကွက်မှာ တရုတ်နိုင်ငံရဲ့ ဦးဆောင်အခန်းကဏ္ဍကို ပိုမိုခိုင်မာစေခဲ့ပါတယ်။
Ref : Fossbytes