၂၀၂၅ ခုနှစ်အတွင်း ထိုင်ဝမ်ရဲ့ အခြေခံအဆောက်အအုံတွေဖြစ်တဲ့ ဆေးရုံတွေ၊ ဘဏ်တွေနဲ့ စွမ်းအင်ကဏ္ဍတွေကို တရုတ်ဘက်က ဆိုက်ဘာတိုက်ခိုက်မှုတွေဟာ မနှစ်ကထက် ၆ ရာခိုင်နှုန်း မြင့်တက်လာပြီး တစ်ရက်ကို ပျမ်းမျှ ၂.၆၃ သန်းအထိ ရှိခဲ့တယ်လို့ National Security Bureau က ထုတ်ပြန်ပါတယ်။ ဒီကိန်းဂဏန်းဟာ ၂၀၂၃ ခုနှစ်ကနဲ့ နှိုင်းယှဉ်ရင် ၁၁၃ ရာခိုင်နှုန်းအထိ ခုန်တက်သွားတာ ဖြစ်ပါတယ်။

တရုတ်ဟာ စစ်ရေးလေ့ကျင့်မှုတွေနဲ့ ချိန်ကိုက်ပြီး “အရောအနှောစစ်ပွဲ” (hybrid warfare) ပုံစံမျိုး ဆိုက်ဘာတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ဥပမာအားဖြင့် တရုတ်စစ်ဘက်က “joint combat readiness patrols” အကြိမ် ၄၀ လုပ်ဆောင်ခဲ့ရာမှာ ၂၃ ကြိမ်က ဆိုက်ဘာတိုက်ခိုက်မှုတွေနဲ့ တပြိုင်နက်တည်း ဖြစ်ပွားခဲ့တာပါ။ ဒါ့အပြင် ထိုင်ဝမ် သမ္မတ Lai Ching-te ရဲ့ မိန့်ခွန်းပြောချိန်နဲ့ ဒုတိယသမ္မတ Hsiao Bi-khim ရဲ့ ဥရောပခရီးစဉ်လို နိုင်ငံရေးအရ အရေးပါတဲ့ အချိန်တွေမှာလည်း တိုက်ခိုက်မှုတွေ ပိုများလာခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုတွေထဲမှာ ထိုင်ဝမ်ပြည်သူတွေရဲ့ နေ့စဉ်ဘဝကို အနှောင့်အယှက်ဖြစ်စေမယ့် DDoS တိုက်ခိုက်မှုတွေနဲ့ အချက်အလက်တွေ ခိုးယူဖို့ ကြားဖြတ်တိုက်ခိုက်တာတွေ ပါဝင်ပါတယ်။ ဒါဟာ ထိုင်ဝမ်အစိုးရရဲ့ ယန္တရားတွေနဲ့ လူမှုရေးလုပ်ငန်းဆောင်တာတွေကို ရပ်တန့်သွားအောင် ရည်ရွယ်ပြီး ဘက်ပေါင်းစုံကနေ တိုက်ခိုက်နေတာဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ထိုင်ဝမ်ရဲ့ နာမည်ကြီး TSMC လို ကုမ္ပဏီတွေရှိတဲ့ သိပ္ပံဥယျာဉ် (Science parks) တွေကလည်း အဓိက ပစ်မှတ်တွေ ဖြစ်နေပါတယ်။ တရုတ်အနေနဲ့ အမေရိကန်နဲ့ နည်းပညာပြိုင်ဆိုင်မှုမှာ အားမနည်းစေဖို့နဲ့ ကိုယ့်အားကိုယ်ကိုးနိုင်ဖို့အတွက် အဆင့်မြင့်နည်းပညာတွေကို ခိုးယူဖို့ ကြိုးစားနေတာဖြစ်တယ်လို့ သုံးသပ်ထားကြပါတယ်။
Ref : Reuters