တရုတ် Robotics startup ကုမ္ပဏီတစ်ခုဖြစ်တဲ့ Noetix ကနေ လူတွေနဲ့ လက်တွေ့လုပ်ငန်းခွင်မှာ ဝင်ရောက်လုပ်ကိုင်နိုင်မယ့် Hobbs W1 ဆိုတဲ့ Humanoid စက်ရုပ်သစ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီစက်ရုပ်ဟာ အမျိုးသမီးပုံစံ Bionic ခေါင်းပိုင်းနဲ့ Interactive မျက်နှာပြင် ပါဝင်သလို လက်ချောင်းနဲ့ လက်မောင်းတွေကလည်း လူတစ်ယောက်လိုပဲ လှုပ်ရှားနိုင်စွမ်း ရှိပါတယ်။ ဧည့်ကြိုနေရာတွေနဲ့ လမ်းညွှန်မှုပေးရမယ့် နေရာတွေမှာ အဓိက သုံးဖို့ ရည်ရွယ်ထားတာပါ။

Hobbs W1 ရဲ့ ထူးခြားချက်ကတော့ လူတွေနဲ့ သဘာဝကျကျ စကားပြောနိုင်တာ၊ စိတ်ခံစားမှုကို နားလည်နိုင်တာနဲ့ ကိုယ်တိုင် လမ်းကြောင်းရှာပြီး သွားလာနိုင်တာတွေပဲ ဖြစ်ပါတယ်။ လက်တွေကလည်း ပစ္စည်းတွေကို ကိုင်တွယ်ပေးကမ်းနိုင်စွမ်း ရှိတဲ့အတွက် ရိုးရိုးမတ်တပ်ရပ်နေတဲ့ စက်ရုပ်တွေနဲ့ မတူဘဲ လက်တွေ့ကျတဲ့ အကူအညီတွေကို ပေးနိုင်မှာပါ။ ဒါကြောင့် ဟိုတယ်၊ ကျောင်းနဲ့ ရုံးခန်းတွေမှာ လူတွေကို အကူအညီပေးဖို့ အသင့်တော်ဆုံး ဖြစ်လာပါလိမ့်မယ်။
Noetix ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း Bumi ဆိုတဲ့ ကလေးအရွယ်အစား စက်ရုပ်ကို မိတ်ဆက်ခဲ့ပါသေးတယ်။ အံ့သြစရာကောင်းတာကတော့ ဈေးနှုန်းပါပဲ။ သာမန် စက်ရုပ်တွေလို ဒေါ်လာ သိန်းချီ မပေးရဘဲ ဖုန်းတစ်လုံးစာလောက်ရှိတဲ့ ဒေါ်လာ ၁,၄၀၀ ဝန်းကျင် (ယွမ် ၁ သောင်းအောက်) နဲ့ ရောင်းချခဲ့တာပါ။ ဒါဟာ စက်ရုပ်ဈေးကွက်ကို တော်တော်လေး ဂယက်ရိုက်စေခဲ့ပါတယ်။
ဒီလို ဈေးသက်သက်သာသာနဲ့ ရောင်းနိုင်တာကတော့ ကုမ္ပဏီရဲ့ ထုတ်လုပ်မှု နည်းဗျူဟာကြောင့် ဖြစ်ပါတယ်။ အစိတ်အပိုင်းတွေကို ကိုယ်တိုင် ဒီဇိုင်းဆွဲ ထုတ်လုပ်တာ၊ ပေါ့ပါးတဲ့ ပစ္စည်းတွေသုံးပြီး ကုန်ကျစရိတ် လျှော့ချတာနဲ့ တရုတ်ပြည်တွင်း Supply chain ကိုပဲ အပြည့်အဝ အသုံးပြုထားတာတွေကြောင့် အခုလို လူတိုင်း လက်လှမ်းမီမယ့် ဈေးနှုန်းနဲ့ ထုတ်လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
Ref : interesting engineering