တရုတ် ထိပ်တန်း လုံခြုံရေး အဖွဲ့အစည်း ၁ ခုက CIA ဟာ တရုတ် ကုမ္ပဏီတွေနဲ့ အစိုးရ အဖွဲ့အစည်းတွေကို Hack နေတာ ၁၁ နှစ်ရှိပြီလို့ စွပ်စွဲလိုက်ပါတယ်။ Qihoo 360 က CIA ဟာ လေကြောင်း ၊ သိပ္ပံနဲ့ သုတေသန ၊ ရေနံ၊ အင်တာနက် ကုမ္ပဏီနဲ့ အစိုးရ အပါအဝင် အဖွဲ့အစည်းများစွာကို ပစ်မှတ်ထား Hack ခဲ့တယ်လို့ ပြောပါတယ်။ ၂၀၀၈ ခုနှစ် စက်တင်ဘာလနဲ့ ၂၀၁၉ ခုနှစ် ဇွန်လအတွင်းမှာ Hack ခဲ့တာ ဖြစ်ပြီး အဓိက အားဖြင့် ဘေဂျင်း၊ ဂွန်ဒေါင်းနဲ့ ဇီဂျီယန် အခြေစိုက် အဖွဲ့အစည်းတွေကို တိုက်ခိုက်ခဲ့တာပါ။

Qihoo က အဲဒီ တိုက်ခိုက်မှုတွေဟာ အရင် CIA ဝန်ထမ်း Joshua Adam Schulte နဲ့ ပတ်သက်နေပြီး လက်ရှိမှာ အဲဒီလူဟာ Wikileaks ကို Vault 7 ဖိုင်တွေ ပေးတဲ့အတွက် အမှုရင်ဆိုင်နေရပါတယ်။ Qihoo က Vault 7 ဖိုင်တွေကို စစ်ဆေးကြည့်တဲ့အခါမှာ APT-C-39 အမည်ရ CIA ရဲ့ Hacking Group ကို တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

“ CIA က တရုတ်ကို Hack နေတာ ၁၁ နှစ်လောက်ကြာနေပြီ ဖြစ်ပြီး တရုတ် ကုမ္ပဏီတွေရဲ့ အရေးကြီး သတင်းအချက်အလက်တွေကို ခိုးယူထားခဲ့ပြီးပြီလို့ ထင်ပါတယ်။ တရုတ်လိုပဲ ကမ္ဘာအဝန်းက နိုင်ငံတွေကိုလည်း CIA က Hack ထားနိုင်ပါတယ်။ “ လို့ Qihoo က သုံးသပ်ပါတယ်။

Qihoo က APT-C-39 ဟာ CIA က ဖန်တီးထားတဲ့ Spying Tools ကို သုံးခဲ့တာကို တွေ့ခဲ့ရပြီး သူတို့ သုံးတဲ့ Hacking နည်းပညာတွေဟာ NSA နဲ့ ဆက်စပ်နေတယ်လို့ ပြောပါတယ်။ CIA က တရုတ်ကို Hack နေတယ်လို့ စွပ်စွဲတာ ဒါ ပထမဆုံး မဟုတ်ပါဘူး။ လုံခြုံရေး အဖွဲ့အစည်း Qi An Xin က CIA ဟာ ၂၀၁၂ နဲ့ ၂၀၁၇ ခုနှစ်အတွင်းမှာ တရုတ် လေကြောင်း အဖွဲ့အစည်းတွေကို Hack ခဲ့တယ်လို့  ၂၀၁၉ ခုနှစ် စက်တင်ဘာလမှာ စွပ်စွဲခဲ့ပါတယ်။

Ref : tnw