Acer ကနေ ကြီးမှူးကျင်းပတဲ့ အာရှ-ပစိဖိတ်ဒေသတွင်း Esports ပြိုင်ပွဲတစ်ခုဖြစ်တဲ့ Predator League ဟာ အခု ၂၀၂၀ နှစ်စမှာလည်း Dota 2 နဲ့ PUBG ဆိုပြီး ပြိုင်ပွဲနှစ်မျိုးနှစ်စား ကျင်းပသွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ အစက ဖိလစ်ပိုင်နိုင်ငံမှာ ဖေဖော်ဝါရီ ၁၉ ကနေ ၂၃ ထိ ယှဉ်ပြိုင်ရဖို့ဖြစ်ပေမယ့် အခုချိန်မှာတော့ ပြိုင်ပွဲကို ရွှေ့ဆိုင်းလိုက်ကြောင်း Acer ကနေ ကြေညာလိုက်ပါတယ်။

2020 Predator League ရဲ့ Dota 2 ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြုအနေနဲ့ Team Veteran လည်း ပါဝင်ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အခုလိုရွှေ့ဆိုင်းလိုက်တဲ့အတွက် ဆီးဂိမ်းအပြီး ပွဲတွေရှားနေတဲ့အချိန်မှာ မြန်မာ Esports ပရိသတ်တွေ အားပေးစရာ တစ်ပွဲထပ်လျော့သွားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လကလည်း မကာအိုမှာ Team Veteran သွားရောက်ယှဉ်ပြိုင်ရမယ့် WESG APAC Finals ပွဲကို အလားတူအကြောင်းပြချက်ကြောင့် ရက်အကန့်အသတ်မရှိရွှေ့ဆိုင်းခဲ့ကြောင်း ကြေညာခဲ့သေးတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်ဟာ Esports ကဏ္ဍကို သိသာစွာ ထိခိုက်နေပြီလို့ ဆိုရမှာပါ။

Predator League ကတော့ အခြေအနေကို ကြည့်ရှုသုံးသပ်ပြီး စိတ်ချရရင် ဇွန် သို့မဟုတ် ဇူလိုင်လမှာ ပြန်လည် ကျင်းပပေးသွားမယ်လို့ ပြောထားပါတယ်။ ဒီပွဲဟာ ကျင်းပချိန်ကပ်နေပြီဖြစ်တဲ့အတွက် ပွဲကြည့်လက်မှတ် ၂ သောင်းကျော် ရောင်းချထားခဲ့ပြီး ဖြစ်တာတောင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြိုင်ပွဲဝင်တွေ၊ ပါဝင်ကူညီသူတွေနဲ့ ပရိသတ်တွေ ကျန်းမာရေး ထိခိုက်မှာစိုးတဲ့အတွက် ရွှေ့ဆိုင်းလိုက်ရတယ်လို့ Acer က ပြောကြားခဲ့ပါတယ်။

2020 Predator League ရဲ့ Dota 2 ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု Veteran အပြင် Reality Rift (စင်ကာပူ)၊ Flower Gaming (မလေးရှား)၊ Neon Esports, Lowkey Esports, TNC (အားလုံး ဖိလစ်ပိုင်)၊ The Council (ဘင်္ဂလားဒေ့ရှ်)၊ IMG (မွန်ဂို)၊ 496 Gaming (ဗီယက်နမ်)၊ Sara Kollo (သီရိလင်္ကာ)၊ BOOM Esports (အင်ဒို)၊ STR (ထိုင်ဝမ်) အသင်းတွေ ပါဝင်ကစားကြမှာဖြစ်ပါတယ်။

Ref – Predator League Website