ကိုရိုနာဗိုင်းရက်စ်က တော်တော်မွှေနေပါပြီ။ လက်ရှိအချိန်အထိ ကမ္ဘာအဝန်းမှာ သေဆုံးသူ ၂ ထောင်ကျော်ရှိလာပြီဖြစ်ပြီး နည်းပညာ လောကကိုပါ ထိခိုက်နေပါပြီ။ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ Mobile World Congress (MWC) ကို ဖျက်သိမ်းခဲ့ရပြီး တရုတ်က စမတ်ဖုန်း အစိတ်အပိုင်းတွေ ထုတ်လုပ်နေတဲ့ စက်ရုံတွေလည်း ရပ်နားနေရပါတယ်။

အခုလည်း ဝန်ထမ်း ၁ ဦး ကိုရိုနာ ဗိုင်းရက်စ် ကူးစက်တာကြောင့်  Samsung ဟာ ဂူမီက စမတ်ဖုန်း စက်ရုံ ၁ ခုကို ပိတ်လိုက်ရတယ်လို့ သိရပါတယ်။ အဲဒီ စက်ရုံမှာ Samsung က Galaxy Fold နဲ့ Galaxy Z Flip တို့ကို ထုတ်လုပ်နေတာ ဖြစ်ပြီး ဒီလ ၂၄ ရက်မတိုင်ခင်အထိ ပိတ်ထားမှာ ဖြစ်ပါတယ်။ ဗိုင်းရက်စ် ကူးစက်သွားတဲ့ ဝန်ထမ်း အလုပ်လုပ်တဲ့ အလွှာကို ၂၅ ရက်နေ့အထိ လူဝင်ခွင့်ပိတ်ပင်ထားမှာပါ။

Samsung က ဗိုင်းရက်စ် ကူးစက်ခံရတဲ့ ဝန်ထမ်းနဲ့ ထိတွေ့ဆက်ဆံခဲ့တဲ့ ဝန်ထမ်းတွေကို သီးခြား ခွဲထားမှာဖြစ်ပြီး ဗိုင်းရက်စ် ကူးစက်နေသလား ဆိုတာ စစ်ဆေးမယ်လို့ ပြောပါတယ်။ ဂူမီ စက်ရုံကနေ စမတ်ဖုန်း အနည်းငယ်ပဲ ထုတ်လုပ်နေတဲ့အတွက် Samsung ရဲ့ စမတ်ဖုန်း ထုတ်လုပ်မှုကို အများကြီး အကျိုးသက်ရောက်မှာ မဟုတ်ပါဘူး။

Ref : gsmarena