Counterpoint Research ရဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ် နောက်ဆုံးသုံးလပတ်မှာ စမတ်ဖုန်းတင်ပို့မှု ၁% မြင့်တက်ခဲ့ပြီး တစ်နှစ်လုံးအတိုင်းအတာနဲ့ဆိုရင်တော့ ၂% မြင့်တက်ခဲ့ပါတယ်။ Apple ကတော့ စမတ်ဖုန်းထုတ်လုပ်သူတွေထဲမှာ ၂၀% ဈေးကွက်ဝေစုနဲ့ နံပါတ် ၁ နေရာကို ရယူနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်အတွင်း တင်ပို့ရောင်းချခဲ့ရတဲ့ ဖုန်း ၅ လုံးမှာ ၁ လုံးက Apple တံဆိပ်ဖြစ်နေပါတယ်။ Apple ဟာ တစ်နှစ်ထက်တစ်နှစ် ၁၀% တိုးတက်လာခဲ့ပြီး ထိပ်ဆုံး ၅ နေရာမှာ အတိုးတက်ဆုံး ဖြစ်ခဲ့ပါတယ်။

iPhone 16 ဟာ Japan၊ India နဲ့ Southeast Asia နိုင်ငံတွေမှာ ရောင်းအားကောင်းခဲ့ပြီး iPhone 17 series အသစ်တွေလည်း ဝယ်လိုအား မြင့်တက်နေပါတယ်။ COVID ကာလတုန်းက ဝယ်ထားသူတွေ ဖုန်းအသစ်လဲလှယ်ချိန်ရောက်လာတာက ရောင်းအားတက်စေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ Samsung ကတော့ ၅% တိုးတက်မှုနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး Galaxy S25 series ၊ Galaxy Z Fold7 နဲ့ Galaxy A-series တွေ ရောင်းအားကောင်းတာကြောင့် premium နဲ့ mid-range ဈေးကွက်နှစ်ခုလုံးမှာ အဆင်ပြေခဲ့ပါတယ်။

Xiaomi ကတော့ ၁၃% ဈေးကွက်ဝေစုနဲ့ တတိယနေရာမှာ ဆက်ရှိနေပြီး South America နဲ့ Southeast Asia ဈေးကွက်တွေက အဓိကကျခဲ့ပါတယ်။ vivo က ၃% တိုးတက်လာပြီး India မှာ ရောင်းအားကောင်းတာကြောင့် Oppo နေရာကို ဝင်ယူကာ အဆင့် ၄ နေရာ ရောက်ရှိလာပါတယ်။ Oppo ကတော့ China နဲ့ Asia-Pacific ဒေသတွေမှာ ပြိုင်ဆိုင်မှုပြင်းထန်တာကြောင့် ၄% ကျဆင်းသွားခဲ့ပါတယ်။ Top 5 စာရင်းမဝင်ပေမယ့် Nothing နဲ့ Google တို့ဟာလည်း ၂၀၂၅ ခုနှစ်အတွင်း ၃၁% နဲ့ ၂၅% အသီးသီး တိုးတက်လာခဲ့ကြပါတယ်။
၂၀၂၆ ခုနှစ်အတွက် အလားအလာကတော့ သိပ်မကောင်းပါဘူး။ AI data center တွေကို ဦးစားပေးနေရတာကြောင့် DRAM နဲ့ NAND ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပြီး အစိတ်အပိုင်းတွေ ဈေးတက်လာတာကြောင့် စမတ်ဖုန်းဈေးကွက် အေးသွားနိုင်ပါတယ်။ စမတ်ဖုန်းဈေးနှုန်းတွေလည်း စတင်မြင့်တက်နေပြီဖြစ်လို့ ၂၀၂၆ ခုနှစ်အတွက် တင်ပို့မှုခန့်မှန်းချက်ကို ၃% လျှော့ချထားကြောင်း Research Director ဖြစ်သူ Tarun Pathak က သုံးသပ်ပြောကြားထားပါတယ်။
Ref : gsmarena