Vivo က အိန္ဒိယမှာ ကိုရိုနာဗိုင်းရက်စ်ကြောင့် V19 နဲ့ တခြား ထုတ်ကုန် အသစ်တွေ မိတ်ဆက်မယ့်နေ့ကို နောက်ဆုတ်လိုက်တယ်လို့ မကြာခင်က ကြေညာခဲ့ပါတယ်။ အခုလည်း Realme က အိန္ဒိယမှာ Narzo 10 Series အပါအဝင် မိတ်ဆက်ပွဲအားလုံးကို ရပ်နားလိုက်ပါတယ်။ Narzo 10 Series ကို ၂၆ ရက်နေ့မှာ ကြိုတင် ရိုက်ကူးထားတဲ့ ဗီဒီယို ၁ ခုနဲ့ ကြေညာဖို့ စီစဉ်ထားခဲ့တာပါ။

အိန္ဒိယ ဝန်ကြီးချုပ် မစ္စတာ နာရန်ဒရာ မိုဒီက ကိုရိုနာဗိုင်းရက်စ် ကူးစက်တာကို သက်သာစေဖို့ တစ်နိုင်ငံလုံးကို ၂၁ ရက်ကြာ Lockdown လုပ်မယ်လို့ ၂၄ ရက်နေ့က ကြေညာအပြီးမှာ Realme India CEO Madhav Sheth က ဒီသတင်းကို အသိပေးလိုက်တာပါ။

Lockdown မကြေညာခင်မှာ Realme က အိန္ဒိယမှာ Narzo 10 နဲ့ Narzo 10A ရောင်းချမယ့် အချိန်ကို နောက်ဆုတ်ထားမှာ ဖြစ်ပြီး ကြိုတင်ရိုက်ကူးထားတဲ့ ဗီဒီယို ၁ ခုနဲ့ ၂၆ ရက်နေ့မှာ ကြေညာမယ်လို့ သတင်းပေးခဲ့ပါတယ်။ Realme က အဲဒီမှာ ထုတ်ကုန်အသစ် ကြေညာတာတွေ နောက်ဆုတ်မယ့် အပြင် အစိုးရ ခွင့်မပြုမချင်း “Make in India” စက်ရုံကို ပိတ်ပင်ထားမှာပါ။

Vivo နဲ့ Realme တို့လိုပဲ Xiaomi က မတ်လ ၃၁ ရက်မှာ Mi 10 ကို ကြေညာမယ့် ပွဲကို နောက်ဆုတ်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : gsmarena