Huawei ဟာ လက်ရှိအချိန်မှာ Hongmeng OS သို့မဟုတ် Harmony OS ကို ဆောင်ရွက်နေတာ အခြေအနေတစ်ခုအထိ ရောက်ရှိနေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့လပိုင်းတုန်းက ပြုလုပ်ခဲ့တဲ့ Huawei Developer Conference မှာလည်း စမတ်ဖုန်းတွေအတွက် Harmony OS ကို ယခုနှစ်မကုန်ခင် ထုတ်ပေးသွားမယ်ဆိုပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ စမတ်ဖုန်းတွေအတွက် Harmony OS ထွက်ရှိလာမယ့် အချိန်က ပေါက်ကြားလာပြီဖြစ်ပါတယ်။ ဒါကတော့ လာမယ့် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ စမတ်ဖုန်းတွေအတွက် Developer Beta Version ကို စတင်ထုတ်ပေးသွားမှာပဲဖြစ်ပါတယ်။

ယခုသတင်းကိုတော့ Changan Digital King ကနေ Weibo စာမျက်နှာကနေ တစ်ဆင့်ပြောကြားခဲ့တာဖြစ်ပြီး လာမယ့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ နဲ့ ဖေဖော်ဝါရီလအတွင်းမှာ Huawei ဖုန်းအသုံးပြုသူအချို့ကလည်း လက်ရှိ EMUI ကနေ Harmony OS ကို ပြောင်းလဲနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ၂၀၂၁ ခုနှစ်အတွင်းမှာ Huawei စမတ်ဖုန်းအတော်များများဟာ Harmony OS ကို ပြောင်းလဲအသုံးပြုသွားမှာလည်း ဖြစ်ပါတယ်။

Huawei ရဲ့ Harmony OS ဟာ လက်ရှိအချိန်မှာ TV ၊ Smart Camera နဲ့ မော်တော်ကားတွေမှာ အသုံးပြုနေပြီဖြစ်ပြီး စမတ်ဖုန်းတွေမှာတော့ ဘယ်လိုမျိုးဖြစ်လာမလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။ Harmony OS ကို မကြာသေးခင်က မိတ်ဆက်ထားတဲ့ Huawei Mate 40 Series နဲ့ MatePad Pro Tablet တွေက အစောဆုံးရရှိလာဖွယ်ရှိနေပါတယ်။

Ref – Gizmo China