လူကြိုက်များ Esports ဂိမ်းတစ်ခုဖြစ်တဲ့ Dota 2 ဟာ တစ်နှစ်မှာတစ်ခါကျင်းပတဲ့ The International 2020 ပြိုင်ပွဲကြီးပြီးသွားတာနဲ့ လာမယ့် Dota Pro Circuit Season ကို ကျင်းပပုံ လုံးဝပြောင်းလဲသွားတော့မှာဖြစ်ပါတယ်။ ပြိုင်ပွဲတစ်ခုအတွက် လက်ရည်စစ်ပွဲတွေကနေ တက်ရောက်ရတဲ့ ပုံစံကို ပုံမှန်အမှတ်ပေးလိဂ် ရပ်တည်ချက်နဲ့ ဆုံးဖြတ်တဲ့ပုံစံသို့ ပြောင်းလဲသွားမှာဖြစ်ပြီး Tier 2/3 အသင်းတွေရဲ့ ပါဝင်မှုကိုပါ မြှင့်တင်သွားဖို့ ရေးဆွဲထားတာပါ။

လက်ရှိ Dota 2 ကအသိအမှတ်ပြုထားတဲ့ ဇုန်ခြောက်ခုဖြစ်တဲ့ တောင်အမေရိက၊ မြောက်အမေရိက၊ ဥရောပ၊ တရုတ်၊ CIS နဲ့ SEA တစ်ခုစီမှာ Regional League အမည်ရ အမှတ်ပေးပြိုင်ပွဲတွေကို ကျင်းပသွားမှာဖြစ်ပြီး ၂၀၂၀ – ၂၁ ရာသီတစ်ခုအတွင်းမှာ League Season ၃ ခုကစားစေမှာပါ။

ဒေသတစ်ခုစီမှာ Upper Division နဲ့ Lower Division ဆိုပြီး Division နှစ်ခုကို အသင်းရှစ်သင်းစီနဲ့ ကစားစေမှာ ဖြစ်ပါတယ်။ Season တစ်ခုကို ခြောက်ပတ်ကြာ ဆော့ကစားရမှာဖြစ်ပြီး Season ပြီးတိုင်း Upper Division က အောက်ဆုံးနှစ်သင်းက တန်းဆင်းကာ Lower Division က ထိပ်ဆုံးနှစ်သင်းက တန်းတက်မှာပါ။ Lower Division အောက်ဆုံးနှစ်သင်းကတော့ Open Qualifier ကနေ တက်လာမယ့် အသင်းသစ်နှစ်သင်းအတွက် နေရာဖယ်ပေးရမှာ ဖြစ်ပါတယ်။

Regional League တစ်ခုကို စုစုပေါင်းဆုကြေးငွေ အမေရိကန်ဒေါ်လာ နှစ်သိန်းရှစ်သောင်း ချီးမြှင့်မှာဖြစ်ပြီး Upper Division မှာ ဗိုလ်စွဲတဲ့အသင်းက ဒေါ်လာသုံးသောင်းရရှိမှာပါ။ ဒါ့အပြင် Regional League Season တစ်ခုပြီးတိုင်း Major ပြိုင်ပွဲတစ်ခု ကျင်းပကာ လိဂ်ပြိုင်ပွဲအလိုက် ရပ်တည်မှုကိုကြည့်ပြီး ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ မေဂျာမှာ အနိုင်ရတဲ့ အသင်းကတော့ အမေရိကန်ဒေါ်လာ ၂ သိန်းထိ ရမှာဖြစ်ပေမယ့် လက်ရှိကျင်းပနေတဲ့ Dota 2 Major ပြိုင်ပွဲတွေရဲ့ ဆုကြေးငွေနဲ့ယှဉ်ကြည့်ရင် အဆပေါင်းများစွာလျော့နည်းနေပါတယ်။

The International 2020 ကို အခုနှစ် သြဂုတ်လမှာ ကျင်းပတော့မှာဖြစ်တာကြောင့် အချိန်သိပ်မလိုတော့ဘူးလို့ ဆိုနိုင်ပြီး လအနည်းငယ်သာကြိုတင်ကြေညာလာတဲ့ လိဂ်စနစ်ပြောင်းလဲမှုအပေါ် ဝေဖန်မှုတွေရှိနိုင်ပါတယ်။

Ref – Dota2