Valve ကုမ္ပဏီဟာ သတင်းထွက်နေတဲ့အတိုင်း Dota2 ကစားသမားတွေအတွက် အခုနှစ်မှာ The International (Ti) ပွဲကို မကျင်းပဖြစ်ပေမယ့် Battle Pass လို့ခေါ်တဲ့ Compendium ကိုတော့ ထုတ်ပေးခဲ့ပါတယ်။

အခုခေတ် ဂိမ်းတော်တော်များများမှာ Season အလိုက် Battle Pass ရောင်းတာ မထူးခြားပေမယ့် Dota2 ကတော့ ဆယ်စုနှစ်တစ်ခုရှိပြီ ဖြစ်တဲ့ ခရီးလမ်းမှာ တစ်နှစ်လုံး The International ပွဲနားနီးမှ Battle Pass တစ်ခုပဲ ရောင်းလေ့ရှိပြီး Ti ပွဲပြီးတာနဲ့ Expired ဖြစ်လေ့ရှိတာကြောင့် ဒီကာလအတွင်းမှာ ကစားသမားတွေဟာ Battle Pass Level တင်ဖို့နဲ့ Bonus Item တွေ ရရှိဖို့ အသည်းအသန်ကြိုးစားရတတ်ပါတယ်။

Battle Pass တွေကို အနိမ့်ဆုံး $10 ကနေ စတင်ရောင်းချပြီး Level ကိုလည်း ဝယ်တင်နိုင်ကာ Battle Pass အတွက် သုံးလာတဲ့ ငွေတိုင်းရဲ့ ၂၅% ကိုတော့ The International ပွဲရဲ့ ဆုကြေးငွေစုစုပေါင်း Prize Pool ထဲ ထည့်ပေးတာကြောင့် Dota2 Ti ပွဲတွေဟာ နှစ်ပေါင်းများစွာ ကမ္ဘာ့ဆုကြေးငွေအများဆုံး Esports ပြိုင်ပွဲတွေအဖြစ် နှစ်စဉ်နှစ်တိုင်း ရပ်တည်နိုင်ခဲ့ပါတယ်။

ဒီနှစ်မှာလည်း မြန်မာစံတော်ချိန်နဲ့ မေလ ၂၆ ရက်နေ့ မနက်ပိုင်းအချိန်မှာ Ti10 Battle Pass ကို ထုတ်ရောင်းချခဲ့ကာ ထွက်ရှိပြီး ကိုးနာရီအတွင်း Prize Pool ဒေါ်လာငါးသန်းကျော်သွားခဲ့တာကြောင့် စံချိန်သစ်တင်သွားခဲ့ပြန်ပါတယ်။ ဒုတိယ အများဆုံးက မနှစ်က Ti9 Battle Pass ကာလဖြစ်ပြီး ကိုးနာရီအတွင်းမှာ ၄.၆၆ သန်း ရရှိခဲ့တာပါ။

ပုံမှန်အားဖြင့် Ti Prize Pool ဟာ တစ်နှစ်ထက်တစ်နှစ် ပိုများတတ်ပြီး မနှစ်ကတော့ ဒေါ်လာ ၃၄ သန်းကျော်ထိ ရောက်ရှိခဲ့ပါတယ်။ Prize Pool ဒေါ်လာငါးသန်းပြည့်နေပြီဖြစ်တဲ့ Ti10 ကတော့ အခုလက်ရှိအတိုင်းဆိုရင်တောင် ကမ္ဘာ့ ၁၁ ခုမြောက် ဆုကြေးငွေအများဆုံး Esports ပြိုင်ပွဲဖြစ်နေပါပြီ။

Ref – AFKGaming