နိုင်ငံတကာခရီးသွားတွေ အများဆုံးလာရောက်တဲ့ ဒူဘိုင်း နိုင်ငံတကာလေဆိပ်ဟာ ခရီးသည်တွေ အဆင်ပြေစေဖို့အတွက် AI နည်းပညာကို အသုံးပြုလိုက်ပါတယ်။ AI နည်းပညာသုံး ခရီးသည်စင်္ကြံတစ်ခုက passport ဒါမှမဟုတ် လေယာဉ်လက်မှတ်ပြစရာမလိုဘဲ လူဝင်မှုကြီးကြပ်ရေးကို စက္ကန့်ပိုင်းအတွင်း ဖြတ်ကျော်နိုင်အောင် ဆောင်ရွက်ပေးနေပါတယ်။ ဒီစီမံကိန်းဟာ ဒူဘိုင်း ရဲ့ “Travel Without Borders” အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။
အဲဒီစင်္ကြံဟာ ခရီးသည် ၁၀ ဦးအထိ တစ်ပြိုင်နက်တည်း စစ်ဆေးနိုင်တယ်လို့ ပြောပါတယ်။ ခရီးသည်တွေဟာ သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း လျှောက်သွားရုံနဲ့ မျက်နှာကိုမှတ်သားစစ်ဆေးတဲ့စနစ်တွေနဲ့ ကြိုတင်မှတ်ပုံတင်ထားတဲ့ biometric အချက်အလက်တွေက သူတို့ မည်သူမည်ဝါဖြစ်ကြောင်းကို ချက်ချင်း အတည်ပြုပေးပါတယ်။
ဒီလုပ်ငန်းစဉ်ဟာ ၁၄ စက္ကန့်လောက်ပဲ ကြာမြင့်ပြီး passport ကောင်တာတွေ၊ smart gate တွေ ဒါမှမဟုတ် လူနဲ့စစ်ဆေးမှုတွေ မလိုအပ်တော့ပါဘူး။ ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုခုတွေ့ရှိပါက ကျွမ်းကျင်သူတွေက ပြန်လည်စစ်ဆေးမှာဖြစ်ပြီး လုံခြုံရေးအတွက်စိတ်ချရပါတယ်။
ဒီစင်္ကြံဟာ လေဆိပ် မှာ ၂၀၂၀ ခုနှစ်က ပထမဆုံးမိတ်ဆက်ခဲ့တဲ့ “smart tunnel” နည်းပညာကို အခြေခံပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။ “Unlimited Smart Travel” အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ဒီစနစ်သစ်ဟာ အနာဂတ်မှာ သမားရိုးကျ passport စစ်ဆေးမှုတွေကို အစားထိုးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
Terminal 3 ရဲ့ First Class နဲ့ Business Class နားနေခန်းတွေမှာ ပထမဆုံး စတင်အသုံးပြုခဲ့တဲ့ ဒီနည်းပညာကို လာမယ့်နှစ်တွေမှာ တခြား terminal တွေမှာပါ တိုးချဲ့သွားမှာဖြစ်ပါတယ်။
AI နည်းပညာသုံး အဲဒီစင်္ကြံဟာ ကမ္ဘာတစ်ဝန်းက လေဆိပ်တွေအတွက် စံပြတစ်ခုဖြစ်လာနိုင်ပြီး အနာဂတ်မှာ လေကြောင်းခရီးသွားလာမှုဟာ ပိုမိုမြန်ဆန်၊ ချောမွေ့ပြီး စာရွက်စာတမ်းမဲ့ဖြစ်လာမယ်ဆိုတာကို ညွှန်ပြနေပါတယ်။
Ref : ndtv