ဒူဘိုင်းမြို့မှာ ကမ္ဘာ့ပထမဆုံး AI စားဖိုမှူးက ဦးစီးတဲ့ “WOOHOO” စားသောက်ဆိုင်ကို လာမယ့် ၂၀၂၅ ခုနှစ် စက်တင်ဘာလမှာ Burj Khalifa အဆောက်အအုံကြီးရဲ့အနီးမှာ ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။
ဒီစားသောက်ဆိုင်ရဲ့ အဓိကဇာတ်လိုက်ကတော့ ယူအေအီးနိုင်ငံရဲ့ UMAI ကုမ္ပဏီက တီထွင်ထားတဲ့ AI စားဖိုမှူး “Aiman” ဖြစ်ပါတယ်။ သူဟာ ဆယ်စုနှစ်တွေနဲ့ချီတဲ့ အစားအသောက်ဆိုင်ရာ သိပ္ပံပညာရပ်တွေနဲ့ ကမ္ဘာတစ်ဝန်းက ချက်ပြုတ်နည်းပေါင်း ထောင်ပေါင်းများစွာကို လေ့ကျင့်သင်ကြားထားသူပါ။ စားဖိုမှူး Aiman ဟာ အစားအစာရဲ့ အသားအနေအထား၊ အချဉ်ဓာတ်နဲ့ အူမာမီ (umami) အရသာလို အချက်တွေကို ပိုင်းခြားစိတ်ဖြာပြီး စားသောက်ဆိုင်ရဲ့ မီနူး၊ အလှအပပြင်ဆင်မှုနဲ့ ဝန်ဆောင်မှုပုံစံတွေကိုပါ ဒီဇိုင်းရေးဆွဲပေးပါတယ်။
ဒူဘိုင်းမြို့ရဲ့ နာမည်ကြီးစားဖိုမှူး Reif Othman ဦးဆောင်တဲ့ လူသားစားဖိုမှူးတွေက အစားအသောက်တွေကို တကယ်ချက်ပြုတ်ပေးပေမယ့်၊ ချက်ပြုတ်နည်းတွေကိုတော့ AI စားဖိုမှူး Aiman ရဲ့ တီထွင်ဖန်တီးနိုင်တဲ့ algorithm တွေကနေ ရယူတာ ဖြစ်ပါတယ်။ လူသားစားဖိုမှူးတွေက အဲဒီဟင်းလျာတွေကို လက်တွေ့မြည်းစမ်းပြီး ရလာတဲ့အကြံပြုချက်တွေနဲ့ ပိုပြီးကောင်းမွန်အောင် မွမ်းမံကြရပါတယ်။
WOOHOO စားသောက်ဆိုင်ဟာ အသားအတိုအစတွေနဲ့ အဆီလိုမျိုး ပါဝင်ပစ္စည်းတွေကို ပြန်လည်အသုံးပြုပြီး အစားအသောက်စွန့်ပစ်မှုကို လျှော့ချဖို့လည်း ရည်ရွယ်ပါတယ်။ အဲဒီဆိုင်မှာ ဂျပန်၊ မက္ကဆီကန်နဲ့ ပီရူးအစားအစာတွေရဲ့ အရသာကိုပေါင်းစပ်ထားတဲ့ ဟင်းလျာတွေကို မြည်းစမ်းခွင့်ရမှာဖြစ်ပြီး၊ အဲဒါတွေအားလုံးဟာ ကွန်ပျူတာကုဒ်တွေကနေ ဖန်တီးထားတာ ဖြစ်ပါတယ်။
ဒူဘိုင်းမြို့မှာ သင်နောက်တစ်ခါ အဆင့်မြင့်စားသောက်ဆိုင် သွားတဲ့အခါမှာ ကွန်ပျူတာကနေ စီစဉ်ဖန်တီးပေးထားတဲ့ အစားအစာတွေကို မြည်းစမ်းနိုင်တော့မှာပါ။
Ref : Technology Innovation