ဒတ်ချ်လေကြောင်းလိုင်း KLM ဟာ ရေရှည်တည်တံ့တဲ့ လေကြောင်းပို့ဆောင်ရေးကဏ္ဍအတွက် အရေးပါတဲ့သမိုင်းမှတ်တိုင်သစ်တစ်ခုကို စိုက်ထူလိုက်ပါတယ်။ အဲဒါကတော့ သုံးပြီးသားစားသုံးဆီတွေကနေ ပြန်လည်ထုတ်လုပ်ထားတဲ့ ဇီဝလောင်စာကို အသုံးပြုပြီး ခရီးသည်တင်လေယာဉ်တစ်စင်းကို အောင်မြင်စွာ ပျံသန်းပြနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒီ ရေရှည်တည်တံ့တဲ့လေယာဉ်လောင်စာ (Sustainable Aviation Fuel – SAF) ကို စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေနဲ့ Fast Food ဆိုင်တွေကနေ စွန့်ပစ်လိုက်တဲ့ သုံးပြီးသားဆီတွေကို ပြန်လည်စုဆောင်းပြီး ထုတ်လုပ်တာ ဖြစ်ပါတယ်။ အဲဒီလို စုဆောင်းရရှိလာတဲ့ ဆီတွေကို အဆင့်ဆင့် သန့်စင်ပြီးတော့ သမားရိုးကျလေယာဉ်ဆီတွေရဲ့ စံချိန်စံညွှန်းတွေနဲ့ တစ်ထပ်တည်းကျအောင် ပြန်လည်ပြုပြင်ထုတ်လုပ်ထားတာပါ။ ဒါဟာ စွန့်ပစ်ပစ္စည်းတစ်ခုကို တန်ဖိုးရှိတဲ့ စွမ်းအင်အဖြစ် ပြောင်းလဲလိုက်တဲ့ ထူးခြားတဲ့နည်းပညာတစ်ခုလည်း ဖြစ်ပါတယ်။
ဒီလောင်စာရဲ့ အဓိကအားသာချက်တစ်ခုကတော့ လက်ရှိအသုံးပြုနေတဲ့ လေယာဉ်အင်ဂျင်တွေကို ဘာမှပြုပြင်ပြောင်းလဲစရာမလိုဘဲ တိုက်ရိုက်ထည့်သွင်းအသုံးပြုနိုင်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လေကြောင်းလိုင်းတွေအနေနဲ့ ကုန်ကျစရိတ်အများကြီးမလိုဘဲ ပိုပြီး သန့်ရှင်းတဲ့လောင်စာဆီကို အလွယ်တကူ ပြောင်းလဲသုံးစွဲလာနိုင်မယ့် အခွင့်အလမ်းတစ်ခုကို ဖွင့်ပေးလိုက်တာနဲ့ အတူတူပါပဲ။
ဒီဇီဝလောင်စာကို အသုံးပြုပြီး ပျံသန်းတဲ့အခါ ထွက်ရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် (CO₂) ပမာဏဟာ သာမန်လေယာဉ်ဆီတွေနဲ့ အတူတူလောက်ရှိပေမယ့် အဓိကကွာခြားချက်ကတော့ လောင်စာထုတ်လုပ်တဲ့အဆင့်ကနေ လောင်ကျွမ်းတဲ့အဆင့်အထိ တစ်လျှောက်လုံးမှာ ထုတ်လွှတ်တဲ့ စုစုပေါင်းကာဗွန်ပမာဏကို အနည်းဆုံး ၆၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်တာ ဖြစ်ပါတယ်။ တချို့အခြေအနေတွေမှာဆိုရင် ၈၅ ရာခိုင်နှုန်းအထိတောင် လျှော့ချနိုင်တဲ့ အလားအလာရှိတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ဒီလောင်စာဟာ လေထုထဲမှာရှိတဲ့ အမှုန်အမွှားတွေနဲ့ ဆာလဖာဓာတ်ငွေ့ထုတ်လွှတ်မှုကိုလည်း သိသိသာသာ လျော့ကျစေပါတယ်။ ဒီအချက်က လေထုညစ်ညမ်းမှုကို တိုက်ဖျက်ဖို့နဲ့ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းဖို့အတွက်ပါ အများကြီး အထောက်အကူပြုစေပါတယ်။ KLM လေကြောင်းလိုင်းရဲ့ ဒီခြေလှမ်းသစ်ဟာ လေကြောင်းခရီးသွားလုပ်ငန်းရဲ့ အနာဂတ်အတွက် အရေးပါတဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာပါတယ်။
Ref : Digital Kashmir