Tesla ရဲ့ သူဌေး Elon Musk က AI ကုမ္ပဏီ အသစ် တည်ထောင်ကြောင်း ကြေညာလိုက်ပါတယ်။ အဲဒီ ကုမ္ပဏီ အမည်က xAI ဖြစ်ပြီး OpenAI နဲ့ Google လို ကုမ္ပဏီတွေမှာ အလုပ်လုပ်ခဲ့ဖူးတဲ့ အင်ဂျင်နီယာများစွာကို xAI မှာ ခန့်ထားပါတယ်။

Elon Musk

Musk ဟာ AI ဖန်တီးမှုတွေကို ရပ်နားထားသင့်ပြီး ဥပဒေတွေနဲ့ ထိန်းချုပ်ဖို့ လိုအပ်တယ်လို့ အရင်က ပြောခဲ့ဖူးပါတယ်။ အခုတော့ တားလို့ မရတော့လို့ ငါလည်း လုပ်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ AI ကုမ္ပဏီ အသစ်ကို တည်ထောင်လိုက်တာဖြစ်နိုင်ပါတယ်။

Musk က လူတွေ AI ရဲ့ အမှန်တရားကို သိနားလည်ဖို့ ဒီကုမ္ပဏီကို တည်ထောင်တာလို့ပြောပါတယ်။ ဒီကုမ္ပဏီအသစ်မှာ ငွေကြေးဘယ်လောက်ရင်းနှီးမြှုပ်နှံမလဲ၊ ကုမ္ပဏီရဲ့ ရည်ရွယ်ချက်နဲ့ ဘယ်လို AI အမျိုးအစားတွေကို ဖန်တီးမလဲဆိုတာ မသိရသေးပါဘူး။

Elon Musk launches his new company, xAI

Musk ဟာ အခု နာမည်ကြီးနေတဲ့ ChatGPT ကို ဖန်တီးထားတဲ့ OpenAI မှာ မူလအစကတည်းက ရင်းနှီးမြှုပ်နှံသူတွေထဲက တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် Musk နဲ့ OpenAI တို့ဟာ နောက်ပိုင်းမှာ ခွာပြဲသွားခဲ့ကြပါတယ်။

Musk ဟာ မတ်လမှာ AI စမ်းသပ်မှုတွေကို ရပ်နားထားဖို့ အိတ်ဖွင့်ပေးစာမှာ လက်မှတ်ရေးထိုးခဲ့ပြီး အခုအချိန်အထိ လက်မှတ်ပေါင်း ၃၃,၀၀၀ ရရှိထားပါတယ်။ ဧပြီလက BBC နဲ့ အင်တာဗျူးမှာ သူက AI နည်းပညာကို စိတ်ပူကြောင်း ပြောခဲ့ပါတယ်။ အခုတော့ သူကိုယ်တိုင်က AI ကုမ္ပဏီတစ်ခုကို တည်ထောင်လိုက်ပါပြီ။

Ref : bbc