Bloomberg ဘီလီယမ်နာ အညွှန်းကိန်းအရ Elon Musk ရဲ့ ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာ ၄၄၀ ဘီလီယမ် ဖြစ်လာပြီး ကမ္ဘာ့သမိုင်းမှာ ဒေါ်လာ ၄၀၀ ဘီလီယမ်ကျော် ချမ်းသာတဲ့ ပထမဆုံး လူသား အဖြစ် မှတ်တမ်းဝင်သွားပါတယ်။ သူဟာ Microsoft တည်ထောင်သူ Bill Gates နဲ့ Amazon သူဌေး Jeff Bezos တို့ ၂ ယောက်ပေါင်းထက် ပိုချမ်းသာလာပါတယ်။
ဒေါ်နယ်ထရမ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ Musk ရဲ့ ပိုင်ဆိုင်မှုဟာ တဟုန်ထိုးမြင့်မားလာပါတယ်။ ရွေးကောက်ပွဲကာလမှာ Musk ဟာ ထရမ့်အတွက် ငွေကြေးများစွာ သုံးစွဲကာ ကူညီပေးခဲ့ပါတယ်။
Musk တည်ထောင်ထားတဲ့ Tesla ရဲ့ ရှယ်ယာတန်ဖိုးဟာ ရွေးကောက်ပွဲ စတင်ကတည်းက ၆၅ ရာခိုင်နှုန်းဝန်းကျင် တိုးတက်ခဲ့ပါတယ်။ ထရမ့် သမ္မတ ဖြစ်ရင် Tesla အတွက် အခွန် လျှော့ချပေးနိုင်ပြီး ဈေးကွက်ထဲမှာ ပြိုင်ဖက်တွေနဲ့ ယှဉ်ပြိုင်ဖို့ ပိုကောင်းလာမှာ ဖြစ်ပါတယ်။
Musk ဟာ Tesla မှာ ရှယ်ယာ ၁၂.၈ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး ဒေါ်လာ ၁၇၂ ဘီလီယမ်နီးပါး တန်ကြေး ရှိပါတယ်။ Musk ဟာ SpaceX ၊ Neuralink နဲ့ တခြား လုပ်ငန်းတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။
Ref: msn