Elon Musk က လာမယ့် ၅ နှစ်ကနေ ၁၀ နှစ်အတွင်းမှာ တတိယကမ္ဘာစစ် ဖြစ်လာနိုင်တယ်လို့ သတိပေး ပြောကြားလိုက်ပါတယ်။ နျူကလီးယားလက်နက်တွေ ရှိနေလို့ စစ်ပွဲတွေကို တားဆီးထားနိုင်တယ်ဆိုတဲ့ အယူအဆအပေါ် ဆွေးနွေးကြရင်း Musk က သူ့ရဲ့ လူမှုကွန်ရက် X မှာ “စစ်ပွဲက ရှောင်လွှဲလို့ မရနိုင်ပါဘူး၊ ၅ နှစ်၊ အလွန်ဆုံး ၁၀ နှစ်ပါပဲ” လို့ ဝင်ရောက် မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

စစ်ဖြစ်ရမယ့် အကြောင်းရင်းကို Musk က တိတိကျကျ မပြောခဲ့ပေမယ့် သူ့ရဲ့ AI ဖြစ်တဲ့ Grok ကတော့ Musk ရဲ့ အရင်က ပြောစကားတွေကို ကိုးကားပြီး သုံးသပ်ပြထားပါတယ်။ ဥရောပမှာ လူဝင်မှုကြီးကြပ်ရေး ပြဿနာတွေကြောင့် ဖြစ်လာမယ့် ပြည်တွင်းစစ်တွေ၊ ထိုင်ဝမ်ကိစ္စနဲ့ ပတ်သက်တဲ့ အမေရိကန်နဲ့ တရုတ် တင်းမာမှုတွေ၊ ဒါမှမဟုတ် ယူကရိန်းစစ်ပွဲ အရှိန်မြင့်လာတာတွေက ကမ္ဘာစစ်ဆီကို ဦးတည်သွားနိုင်တယ်လို့ ဆိုပါတယ်။
Musk ဟာ AI နည်းပညာ တိုးတက်လာမှုကို “ဆူနာမီလှိုင်းလုံးကြီး” နဲ့ တင်စားပြီး လူသားထုအတွက် စိုးရိမ်စရာ အခြေအနေ တစ်ခုအဖြစ် သတိပေးထားပါတယ်။ အစိုးရပိုင်း ပြုပြင်ပြောင်းလဲရေး လုပ်နေတာတွေက ကမ်းခြေမှာ အမှိုက်ကောက်နေတာနဲ့ တူပြီး၊ တကယ်တမ်းမှာ AI ဆိုတဲ့ ပေတစ်ထောင်လောက် မြင့်တဲ့ ရေလှိုင်းကြီးက ဝင်တိုက်ဖို့ တာစူနေပြီလို့ သူက နှိုင်းယှဉ်ပြထားပါတယ်။
ဒါ့အပြင် ဒီဂျစ်တယ် စူပါဉာဏ်ရည် (Digital Superintelligence) ပေါ်ပေါက်လာဖို့က အရမ်းကို နီးစပ်နေပြီလို့လည်း Musk က ခန့်မှန်းထားပါတယ်။ ဒီနှစ်ထဲမှာ မဟုတ်ရင်တောင် နောက်နှစ်လောက်ဆိုရင် သေချာပေါက် ဖြစ်လာနိုင်တယ်လို့ သူက ဆိုထားပြီး ဒီနည်းပညာ အပြောင်းအလဲတွေက ကမ္ဘာကြီးရဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက်လာနိုင်တဲ့ အချက်တွေ ဖြစ်နေပါတယ်။
Ref: uniladtech