Twitter ရဲ့ အမှုဆောင်အရာရှိချုပ် Elon Musk ဟာ လာမဲ့သီတင်းပတ်ကစပြီး ဆိုင်းငံ့ထားတဲ့ အကောင့်တွေအတွက် “အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်” ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒါဟာ ဒီပလက်ဖောင်းရဲ့ အဆိုးဆုံးနဲ့ အဆိပ်အတောက်အရှိဆုံးလူတချို့ကို ပြန်လည်ကြိုဆိုဖို့ ဆုံးဖြတ်လိုက်တယ်ဆိုတာကို နူးညံ့သိမ်မွေ့စွာပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ဒီကိစ္စဟာ ပိတ်ပင်ခံထားရတဲ့ အမေရိကန်သမ္မတဟောင်း Donald Trump ကို ပြန်လည်ခွင့်ပြုခဲ့ပြီးတဲ့နောက် ဒုတိယမြောက် အဓိကချင့်ချိန်ဆုံးဖြတ်မှု ပြုလုပ်ခြင်းလည်း ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်တွေကို Musk က သူ့ရဲ့ ကိုယ်ပိုင် Twitter အကောင့်ကနေ အလွတ်သဘော စစ်တမ်းကောက်ယူပြီးမှ ဆုံးဖြတ်ချက် နှစ်ခုစလုံးကို ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်တွေဟာ နှစ်ပေါင်းများစွာ Twitter မှာ ပြုလုပ်လာတဲ့ ချင့်ချိန်ဆုံးဖြတ်မှုအလုပ်တွေကို ပြောင်းပြန်လှန်လိုက်တာဖြစ်ပြီး Musk ရဲ့ မူလကတိဖြစ်တဲ့ လေးနက်တဲ့ စိစစ်ဆုံးဖြတ်မှုတွေကို စီရင်ရာမှာ အထောက်အကူဖြစ်စေမဲ့ ကွဲပြားခြားနားတဲ့ ကောင်စီကို ဖန်တီးမယ်ဆိုတဲ့ စကားကို အကောင်အထည်ဖော်နေတာလို့ ယုံကြည်ရပါတယ်။

အခုအချိန်အထိတော့ ဘယ်အကောင့်တွေကို ပြန်ဖွင့်ပေးမလဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိသေးပါဘူး။ ဒါပေမဲ့ “ဥပဒေကိုချိုးဖောက်ခြင်း၊ ဒါမှမဟုတ် ဆိုးရွားစွာ Spam ပြုလုပ်ခြင်း” တွေမှာပါဝင်တဲ့ အကောင့်တွေကိုတော့ “လွတ်ငြိမ်းချမ်းသာခွင့်” ပေးမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဆိုင်းငံ့ထားတဲ့ အကောင့်အများစုရဲ့ ထောက်ခံအားပေးမှုကို ပြန်လည်ရယူခြင်းဟာ ကြီးမားပြီး မလိုလားအပ်တဲ့ အကျိုးဆက်တွေ ရလာနိုင်တယ်လို့လည်း ဝေဖန်သုံးသပ်မှုအချို့ရှိနေပါတယ်။ Twitter ကမ္ဘာမှာ ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာကိုတော့ ပိတ်ကားထက်မှာ ဆက်လက်ရှုစားကြပါလို့ပဲ ပြောရပါတော့မယ်။

Ref: The Verge