Elon Musk က ၂၀၄၀ ခုနှစ် အရောက်မှာ လူတူစက်ရုပ် အနည်းဆုံး ၁၀ ဘီလီယမ် ရှိလာမှာ ဖြစ်ပြီး ဒေါ်လာ ၂၀,၀၀၀ နဲ့ ၂၅,၀၀၀ အကြားမှာ ရောင်းချမယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။ သူက ဆော်ဒီအာရေးဗီးယား နိုင်ငံ Riyadh မှာ ကျင်းပတဲ့ 8th Future Investment Initiative Conference မှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။ သူ့ရဲ့ ဟောကိန်း အရ ဆိုရင် လူတူစက်ရုပ်တွေဟာ လူသား အရေအတွက်ထက် ပိုများလာမှာ ဖြစ်ပါတယ်။
Optimus စက်ရုပ်ဟာ Tesla က ထုတ်လုပ်ထားတဲ့ လူတူစက်ရုပ် ဖြစ်ပြီး ကုမ္ပဏီရဲ့ အဓိက ထုတ်ကုန် ဖြစ်လာမယ်လို့ Musk က ပြောပါတယ်။
သူက စက်ရုပ် တက္ကစီဟာ Tesla ကို ဒေါ်လာ ၅ ထရီလီယမ် ကုမ္ပဏီ ဖြစ်လာစေမှာ ဖြစ်ပြီး Optimus စက်ရုပ်ဟာ Tesla ကို ဒေါ်လာ ၂၅ ထရီလီယမ် ကုမ္ပဏီ ဖြစ်လာစေမယ်လို့ ပြောပါတယ်။
Tesla ရဲ့ Optimus လူတူစက်ရုပ်ကို လက်ရှိမှာ တီထွင်နေဆဲ ဖြစ်ပေမယ့် CEO Elon Musk က နောက်နှစ်ကုန်မှာ ရောင်းမယ်လို့ ပြောပါတယ်။ ကုမ္ပဏီများစွာက လူတူစက်ရုပ်တွေဟာ ကုန်ထုတ်လုပ်ငန်းတွေမှာ အသုံးပြုနိုင်မလားဆိုတာ စိတ်ဝင်စားနေကြပါတယ်။
Musk က Optimus ဟာ ဒီနှစ်ကုန်မှာ စက်ရုံ လုပ်ငန်းတွေကို ပြုလုပ်လာနိုင်မယ်လို့ ပြောပါတယ်။ Musk က စက်ရုပ်ရောင်းအားဟာ ကားထုတ်လုပ်တာ အပါအဝင် Tesla ရဲ့ တခြား လုပ်ငန်းတွေထက် ဝင်ငွေ ပိုကောင်းနိုင်တယ်လို့ ပြောပါတယ်။
Ref: nypost