Huawei ကနေ ကိုယ်ပိုင် Operating System တစ်ခုဖြစ်တဲ့ HarmonyOS 2.0 ကို မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ Huawei Developer Conference (HDC) 2020 မှာ မိတ်ဆက်သွားခဲ့ပါတယ်။ အဆိုပါ Event မှာ Huawei ကနေ လာမယ့်နှစ်မှာ HarmonyOS ကို အသုံးပြုထားတဲ့ စမတ်ဖုန်းကိုပါ မိတ်ဆက်သွားမယ်ဆိုပြီး အတည်ပြုပေးခဲ့ပါတယ်။

အဲ့ဒီအတွက် ပထမဆုံးသော HarmonyOS အသုံးပြုထားတဲ့ စမတ်ဖုန်းဟာ လာမယ့်နှစ်မှပဲ တရားဝင်ထွက်ရှိလာမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ထပ်မံသိရှိရတဲ့သတင်းတွေအရ HarmonyOS ကို အသုံးပြုဖို့အတွက် နောက်ထပ်စမတ်ဖုန်းအသစ်ဝယ်ယူဖို့ လိုအပ်မှာမဟုတ်တဲ့ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် Huawei ကနေ လက်ရှိ Android OS ကို အခြေခံထားပြီး EMUI 11 ကို အသုံးပြုနေတဲ့ Device တွေအနေနဲ့လည်း နောက်ပိုင်းမှာ HarmonyOS ကို Upgrade ပြုလုပ်နိုင်မှာဖြစ်တယ်ဆိုပြီး ပြောကြားခဲ့တာကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘယ်စမတ်ဖုန်းတွေက အကျုံးဝင်မလဲဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။ ဖြစ်နိုင်တာကတော့ အခုနောက်ပိုင်း Google Mobile Services ပါဝင်ခြင်းမရှိတဲ့ HMS Core အသုံးပြုထားတဲ့ Mid Range စမတ်ဖုန်းတွေအနေနဲ့ အရင်ဆုံးရရှိလာနိုင်ပါတယ်။

Huawei ဟာ EMUI 11 ကိုပါ HDC 2020 မှာ ကြေညာခဲ့ပြီးတော့ အဓိကအနေနဲ့ HMS Ecosystem ပိုင်း၊ Always-on Display အဆင့်မြှင့်တင်မှုတွေအပြင် Multi-device အသုံးပြုမှုတွေအပေါ်မှာ အဓိကအာရုံစိုက်ထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်မှာ Beta အနေနဲ့ပဲရှိသေးသလို Android 11 OS ကိုပါ Update မြှင့်ပေးသွားမလားဆိုတာကိုလည်း အတိအကျပြောကြားခဲ့ခြင်းမရှိသေးပါဘူး။

ဘာပဲဖြစ်ဖြစ် လာမယ့်နှစ်အစပိုင်းမှာတော့ Huawei ရဲ့ HarmonyOS နဲ့ ပတ်သက်ပြီး အသေးစိတ်ထပ်မံသိရှိရမယ်လို့ ယူဆရပါတယ်။

Ref – Android Authority