LG က Q31 လို့ နာမည်ပေးထားတဲ့ တန်ဖိုးနည်း စွမ်းရည်နိမ့် စမတ်ဖုန်း အသစ် ၁ လုံးကို တောင်ကိုရီးယားမှာ ကြေညာလိုက်ပါတယ်။ LG Q31 မှာ MediaTek Helio P22 Chipset မောင်းနှင်ထားပြီး 3GB RAM နဲ့ 32GB Internal Storage တွေ ထည့်သွင်းထားပါတယ်။ microSD Card Slot ပါတဲ့အတွက် Storage ကို တိုးမြှင့်လို့ရပါသေးတယ်။ တန်ဖိုးနည်း စမတ်ဖုန်း ဖြစ်တဲ့အတွက် Internal Storage နည်းနည်းပဲ ပါပေမယ့် microSD Card စိုက်နိုင်အောင် လုပ်ပေးထားတာက ကောင်းတဲ့ အချက်ပါ။

LG Q31 ရဲ့ အနောက်ဘက်မှာ 13MP Main နဲ့ 5MP Ultrawide ကင်မရာ ၂ လုံးပါလာပြီး မြင်ကွင်းကျယ် ကင်မရာက ၁၂၀ ဒီဂရီအထိ ထောက်ပံ့ထားပါတယ်။ အရှေ့ဘက်မှာ 5MP ကင်မရာကို အရွယ်သေး Notch မှာ ထည့်သွင်းထားပါတယ်။

LG Q31 ဟာ အရမ်း သေးငယ် ပေါ့ပါးတဲ့ စမတ်ဖုန်း ဖြစ်ပြီး အလေးချိန်က ၁၄၅ ဂရမ်နဲ့ အရွယ်အစား အပြည့်အစုံက 147.9 x 71 x 8.7mm ဖြစ်ပါတယ်။ အရွယ်အစား ကျစ်လစ်တဲ့အတွက် ဘက်ထရီ ကြီးကြီး မပါလာဘဲ 3,000mAh ပဲ ပါလာပြီး micro USB Port ကနေ အားသွင်းရမှာပါ။

ငွေရောင် ထုတ်လုပ်ပေးထားပြီး တောင်ကိုရီးယားမှာ ၂၀၉,၀၀၀ ဝမ် သတ်မှတ်ထားပါတယ်။ ဒေါ်လာ ၁၈၀ အောက်ပဲ ရှိပြီး မြန်မာငွေနဲ့တွက်ရင် ၂ သိန်း ၂ သောင်းလောက်ပဲ ကျသင့်မှာ ဖြစ်ပါတယ်။ စက်တင်ဘာလ ၂၅ ရက်နေ့ တောင်ကိုရီးယားမှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ တခြားနိုင်ငံမှာ ရောင်းချမယ့် သတင်းကို LG က မပြောသေးပါဘူး။

Ref : gsmarena