၂၀၂၀ မှာ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံတွေကတော့ 5G ခေတ်ဆီ ဦးဆောင်ပြီးပြောင်းလဲနေကြပါပြီ။ မြန်နှုန်းမြင့် ဆက်သွယ်ရေးစနစ်ဟာ တိုင်းပြည်ရဲ့ ကဏ္ဍပေါင်းစုံ၊ ဘက်ပေါင်းစုံကို အလျင်အမြန်ဖွံ့ဖြိုးတိုးတက်စေနိုင်တာကြောင့် ဖွံ့ဖြိုးတိုးတက်ဆဲဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့လည်း နယ်ပယ်သစ်ဆီ ရောက်ရှိနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။ ဒီအတွက် လိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာကို Ericsson ကုမ္ပဏီက ဒေသတွင်းမှာရှိနှင့်ပြီးအော်ပရေတာဖြစ်တဲ့ တယ်လီနောနဲ့ ပူးပေါင်းပြီးဆောင်ရွက်နေတာကို သိရှိရပါတယ်။

ဒီဆောင်းပါးလေးကတော့ Ericsson Myanmar ရဲ့ Country Manager ဖြစ်သူ Eric Timmer (Head of Ericsson Myanmar) ရဲ့ အင်တာဗျူးတစ်ခုမှ အမေး၊ အဖြေများကို ပြန်လည်ကောက်နှုတ်တင်ပြထားခြင်း ဖြစ်ပါတယ်။

Eric Timmer (Head of Ericsson Myanmar)

Ericsson ဘာတွေလုပ်နေလဲ 

Ericsson ဟာ တယ်လီနော မြန်မာနဲ့ ပူးပေါင်းပြီး အမြန်ဆုံးကွန်ရက်ဖြစ်အောင် ပြောင်းလဲမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အထူးသဖြင့် တယ်လီနော မြန်မာကို သုံးစွဲရာမှာ ချောမွေ့တဲ့ ကွန်ရက်အတွေ့အကြုံကိုရရှိစေဖို့၊ (မြန်နှုန်းနဲ့ ဒေတာလွှဲပြောင်းကြာချိန်) ပိုပြီးကောင်းမွန်စေဖို့ ဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။

ချောမွေ့တဲ့ကွန်ရက်သုံးစွဲမှုအတွေ့အကြုံကိုရစေဖို့ Ericsson ဟာ ကွန်ရက်ရဲ့ လုပ်ဆောင်ချက်တွေကို ပြန်လည်သုံးသပ်ပြီး ပြုပြင်ပြောင်းလဲမှုအချို့ကို လုပ်ဆောင်ခဲ့ပါတယ်။ ဒီအတွက် ကွန်ရက်ကို Re-planning ပြုလုပ်ရသလို၊ ကွန်ရက်ဒီဇိုင်းပေါ်အဓိကထားပြီး End-to-End re-dimensioning လုပ်ဆောင်မှုလည်း ပြုလုပ်ခဲ့ရပါတယ်။ ကွန်ရက်သုံးစွဲသူတွေရဲ့ ကောင်းမွန်တဲ့အတွေ့အကြုံမထိခိုက်စေဖို့ Ericsson ရဲ့ အင်ဂျင်နီယာတွေဟာ ပမာဏ၊ စွမ်းဆောင်ရည်နဲ့ စီးဆင်းမှုတွေကို ကိုင်တွယ်ဖြေရှင်းနေတာ ဖြစ်ပါတယ်။

ဒီအတွက် အော်ပရေတာအနေနဲ့ အသုံးပြုသူများလာတဲ့အခါ ကွန်ရက်ပိတ်ဆိုတဲ့ပြဿနာ (လိုင်းကြပ်တဲ့ပြဿနာ) မကြုံတွေ့ရအောင် Machine learning ကို အသုံးပြုပြီး ဖြေရှင်းတဲ့နည်းလမ်းကို အသုံးပြုနေတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် Web, chat, video တို့လို Application အခြေခံ ဝန်ဆောင်မှုတွေကို ပိုပြီးသတိထားလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အနာဂတ်ပြဿနာတွေကို ဘယ်လိုစီမံခန့်ခွဲမလဲ

အနာဂတ်မှာလည်း ဒီလိုမျိုးအခြေအနေကို ဦးဆောင်ပြီး ဘယ်လိုထိန်းသိမ်းသွားမလဲဆိုတဲ့မေးခွန်းအတွက် Ericsson က ပြင်ဆင်ထားပြီးလို့ ဆိုပါတယ်။ သုံးစွဲသူတိုးပွားလာပြီး မိုလ်ဘိုင်းဒေတာ အသွားအလာများလာတာနဲ့အမျှ ကွန်ရက်တွေက ပိုပြီးရှုပ်ထွေးလာမှာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိလိုအပ်ချက်တွေကို ဖြည့်ဆည်းနေသလို၊ တပြိုင်နက်တည်းမှာပဲ အနာဂတ်အတွက်လည်း အဆင်သင့်ဖြစ်အောင် ပြင်ဆင်ရပါတယ်။

ကွန်ရက်ရှုပ်ထွေးမှုကို လျော့ပါးစေဖို့အတွက် အော်ပရေတာတွေဟာ သူတို့ရဲ့ ကွန်ရက်တည်ဆောက်ပုံကို အလိုအလျောက်ဖြစ်တည်လာဖို့ ရှေးရှုနေပါတယ်။ ကွန်ရက်လည်ပတ်မှုနဲ့ စီမံခန့်ခွဲမှုကိုအလိုအလျောက်ဖြစ်စေဖို့အတွက် AI နည်းပညာနဲ့ Machine learning တွေကို အသုံးပြုမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းတွေသုံးခြင်းအားဖြင့် ကွန်ရက်ထဲမှာရှိနေတဲ့ ရှုပ်ထွေးမှုတွေကို အလွယ်တကူစီမံခန့်ခွဲပြီး သုံးစွဲသူတွေအတွက် ကောင်းမွန်တဲ့အတွေ့အကြုံတွေ ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ 5G ပြောင်းလဲမှုအတွက် ဘာတွေပြင်ဆင်ထားလဲ

အခုအချိန်ဟာ 4G ကနေ 5G ကွန်ရက်စနစ်ကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ဦးတည်နေတဲ့ အချိန်ဖြစ်ပါတယ်။ မဝေးလှတဲ့ အနာဂတ်မှာ မြန်မာနိုင်ငံလည်း 5G ကွန်ရက်ကို သုံးစွဲနိုင်လာတော့မှာပါ။ ဒီအတွက် အော်ပရေတာတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ တယ်လီနော မြန်မာကတော့ Ericsson နဲ့လက်တွဲပြီး အကောင်းဆုံးပြင်ဆင်နေတာကို တွေ့နိုင်ပါတယ်။ Ericsson Radio System ကို တယ်လီနောကွန်ရက်မှာ တပ်ဆင်ထားတာဖြစ်ပါတယ်။ ဒီနည်းက Specturm ရရှိတာနဲ့ တစ်ပြိုင်နက် Hardware ကိုပြောင်းလဲစရာမလိုဘဲ Software Upgrade ကတစ်ဆင့် 5G ကို ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ 5G ရဲ့ မြန်နှုန်းမြင့်မားမှုဟာ သုံးစွဲသူတွေအားလုံးရဲ့ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍတွေတိုင်းမှာ ကြီးမားတဲ့ တိုးတက်ပြောင်းလဲမှုတွေကို သယ်ဆောင်လာမှာ မလွဲဧကန် ဖြစ်ပါတယ်။

သံလိုက်စက်ကွင်းနဲ့ ပြည်သူ့ကျန်းမာရေး

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) အပါအဝင် လွတ်လပ်တဲ့ ကျွမ်းကျင်အဖွဲ့အစည်းနဲ့ ပြည်သူ့ကျန်းမာရေးအာဏာပိုင်တွေဟာ လျှပ်စစ်သံလိုက်စက်ကွင်းနဲ့ ကျန်းမာရေးအပေါ် ကျယ်ပြန့်တဲ့ သုတေသနပြုလုပ်ခဲ့ပါတယ်။ ဒီသုတေသနရလဒ်တွေကို ပြန်လည်သုံးသပ်ရာမှာတော့ မိုလ်ဘိုင်းဖုန်းတွေ၊ ဒါမှမဟုတ် ရေဒီယိုအခြေစိုက်စခန်းတွေက ရေဒီယိုလှိုင်းထိတွေ့မှုနဲ့သက်ဆိုင်တဲ့ ကျန်းမာရေးဆိုင်ရာသက်ရောက်မှုတွေ မရှိကြောင်း ကောက်ချက်ချနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ဗိုင်းရတ်စ်တွေဟာ ရေဒီယိုလှိုင်းတွေပေါ်ကတစ်ဆင့် ကူးလူးနိုင်ခြင်းမရှိကြောင်း၊ ဒါကြောင့် 5G မိုလ်ဘိုင်းကွန်ရက်ဟာ COVID-19 ကို မပျံ့နှံ့စေကြောင်း ရှင်းလင်းစွာဖော်ပြနိုင်ခဲ့ပါတယ်။

Ericsson ရဲ့ကတိကဝတ်က ဖောက်သည်ရဲ့နည်းပညာဦးဆောင်မှုအတွက်အခြေခံဖြစ်ပါတယ်။ ဖောက်သည်တွေရဲ့တန်ဖိုးကိုဘယ်လိုဖန်တီးပေးနိုင်မလဲဆိုတာကို အာရုံစိုက်ပါတယ်။ အဓိကရည်ရွယ်ချက်ဟာ ဖောက်သည်တွေကို ဈေးကွက်ထဲမှာ အနိုင်ရစေမယ့် ပြိုင်ဆိုင်မှုရှိတဲ့ဖြေရှင်းမှုတွေပေးနိုင်ဖို့ပါပဲ။ လက်ရှိအချိန်မှာ Ericsson ဟာ မြန်မာနိုင်ငံကအရည်အချင်းရှိတဲ့အသင်းနဲ့ လက်တွဲဖို့လမ်းဖွင့်ထားပါတယ်။ Ericsson ဟာ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုအသစ်တွေ ဖွံ့ဖြိုးလာဖို့နဲ့၊ ဝန်ထမ်းတွေအနေနဲ့ တစ်သက်တာသင်ယူမှုဖြစ်စဉ်ကို ယုံကြည်စေဖို့ ဖြစ်ပါတယ်။ ဒီယုံကြည်မှုနဲ့အတူ သုံးစွဲသူအတွေ့အကြုံကို စဉ်ဆက်မပြတ်တိုးတက်စေပြီး လုပ်ငန်းစွမ်းဆောင်ရည်လည်း မြှင့်တင်နိုင်ဖို့ ဖြစ်ပါတယ်။